ဒေါမပြေသေးတဲ့ မုန်းချောင်းမှတဆင့် ရေဘေးဒဏ်သင့် ပွင့်တောက်ရွှာကလေးဆီသို့ 

ဒေါမပြေသေးတဲ့ မုန်းချောင်းမှတဆင့် ရေဘေးဒဏ်သင့် ပွင့်တောက်ရွှာကလေးဆီသို့ 

မကွေးတိုင်း စလင်းမြို့နယ် စေတုတ္တရာမြို့ကလေးကနေပြီး မုန်းချောင်းအဆန်အတိုင်း နှစ်နာရီကျော်စက်လှေစီးရင် ပွင့်တောက်ဆိုတဲ့ရွာကလေးကို ရောက်နိုင်ပါတယ်။

တစ်လကျော် အပြင်းအထန် ရာသီဥတုဆိုးဝါးပြီးတဲ့နောက် စေတုတ္တရာမြို့ကလေးနဲ့ ကျေးရွာ သုံးဆယ်ကျော် မုန်းချောင်းရေအောက် ရောက်ခဲ့ပြီးတဲ့နောက် အဲဒီ ပွင့်တောက်ရွာကလေးဆီ ကျနော်သွားခဲ့ပါတယ်။ 

ပွင့်တောက်ရွာဟာ ၂၀၁၅ ခု မုန်းချောင်းရေကြီးတဲ့အချိန်က စေတုတ္တရာမြို့ကလေးလိုပဲ ရေဘေးဒဏ်အပြင်းအထန်ခံစားခဲ့ရပြီး တောင်ပေါ်ရေလွတ်ရာနေရာဆီ တရွာလုံး အပြီးအပိုင်ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ ရွာပါပဲ။ ထိုစဉ်က စေတုတ္တရာမြို့နယ်ထဲက ကျေးရွာ သုံးဆယ်ကျော် ရေဘေးဒဏ်ခံကြရပေမယ့် ပွင့်တောက်ရွာ၊ ငလဲရွာနဲ့ ခြင်ပစ်ကိုင်းရွာ သုံးရွာကတော့ ရေမကြီးစဉ်က မူလရွာနေရာဟောင်းမှာ ဘယ်လိုမှဆက်လက်နေထိုင်ဖို့ရာမဖြစ်နိုင်လောက်အောင် ရွာလုံးကျွတ်ပျက်စီးသွားခဲ့လို့ ရွာနေရာသစ်ရှာခဲ့ကြ ပြောင်းရွှေ့နေထိုင်ခဲ့ကြရပါတယ်။

စေတုတ္တရာမြို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေထဲ စိတ်ရောကိုယ်ပါနှစ်ပြီး အကူအညီပေးနေတဲ့တချိန်လုံး အဲဒီ ရွာလုံးကျွတ်ပျက်စီးသွားကြရတဲ့ရွာသုံးရွာအကြောင်းက နေ့တိုင်းလိုလို ကျနော်တို့ကြားနေခဲ့ကြရပါတယ်။ ကူညီကယ်ဆယ်ရေးအလုပ်တွေက ဆင့်ပါးစပ်နှမ်းပက်သလို ကြုံရတဲ့ဒုက္ခနဲ့ ကျနော်တို့ရဲ့ ကူညီမှုက မကာမိပေမယ့် အားကြိုးမာန်တက် ၀ိုင်းဝန်းကူညီခဲ့ကြတာလည်း အမှန်ပါပဲ။ မုန်းချောင်းကူးတံတားကြီးရဲ့ထိပ် ညောင်အိုင်ရွာဦးမှာရှိတဲ့ ကျနော်တို့ရဲ့ ကူညီကယ်ဆယ်ရေးယာယီစခန်းဆီကို ရေဘေးဒဏ်ခံစားကြရတဲ့ ကျေးရွာသူ ကျေးရွာသားတွေဟာ နေ့တိုင်းလိုလို တဖွဲဖွဲရောက်လာကြပြီး မာမားထုပ်ကလေးတွေ ဆန်ခွဲတမ်းလေးတွေနဲ့ ရေသန့်ဗူးတွေယူပြီး ရွာကို အမြန်ပြန်ကြရပါတယ်။ 

ရေကြီးလို့ လူတွေဒုက္ခရောက်ရတဲ့ အနိဌာရုံသတင်းတွေဆိုတာ မကြားချင်အဆုံး ကြားခဲ့ကြရပါတယ်။ တခါများ လူတွေကြားငိုနေတဲ့အသံကြားလို့ သွားကြည့်တော့ အသက် လေးဆယ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရပါတယ်။ မေးကြည့်တော့လည်း သူ့ခဗျာ တော်တော်နဲ့စကားပြန်မပြောနိုင်ဖြစ်နေပါသေးတယ်။ ဒါနဲ့ပဲ ကျနော်တို့အဖွဲ့ခေါင်းဆောင် ဆရာတော်ဘုရားရှေ့ခေါ်သွားရပါတယ်။ ဆရာတော်ဘုရားရှေ့မှာ ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်ချီရင်း ငိုလိုက်ပြောလိုက်လုပ်နေတဲ့ အဲဒီအမျိုးသမီးကြီးကို ဆရာတော်က တည်ငြိမ်စွာပဲ မတ်တပ်ရပ်ရင်းနားထောင်ပါတယ်။ 

ငိုနေတဲ့အမျိုးသမီးကြီးဟာ ငလဲရွာနဲ့ တစ်နာရီကျော်လောက် လမ်းလျှောက်ရင်ရောက်တဲ့ ကိုင်းခုံတစ်ခုမှာ ကလေး နှစ်ယောက်နဲ့အတူ ယာယီနေထိုင်နေသူဖြစ်ပါတယ်။ ရေစကြီးတဲ့အချိန်ကစပြီး သူတို့တဲကုန်းလေး ရုတ်တရက် ရေတွေဝိုင်းပြီး ရေပင်လယ်ကြီးဖြစ်သွားတော့ လှေမရှိလို့ သူတို့သားအမိသုံးယောက် ကုန်းကလေးပေါ်မှာပဲ နှစ်ရက်တိတိ ရှိတာလေးစားပြီး ရေကျတာကို စောင့်ကြရပါတယ်။ မနေ့တုန်းကတော့ ခတ်လှမ်းလှမ်းမှာ စက်လှေတစ်စင်းမြင်လို့ ကမန်းကတန်း တွေ့ရာထမိန်ကိုပဲ ၀ါးလုံးထိပ်ချည်ပြီး အလံလိုရိုက်ပြတော့ ကံအားလျော်စွာ စက်လှေက ကပ်လာပါတယ်။ စက်လှေက တဲရှိတဲ့ကုန်းကို အနားအထိကပ်လို့မရပါဘူး။ စက်လှေပေါ်မှာက လူကအပြည့်။ သူတို့လည်း ကူညီကယ်ဆယ်ရေးတွေဆီသွားကြမယ့်စက်လှေပါပဲ။ နွံတွေက ပေါင်လည်လောက်အထိရှိနေတာရယ် စက်လှေက ဘယ်လိုမှလူမဆန့်တော့တာရယ်ကြောင့် ကလေးနှစ်ယောက်ကို တဲမှာထားပြီး အဲဒီအမျိုးသမီးကြီးတစ်ဦးတည်းပဲ ရေထဲဆင်း စက်လှေပေါ်တက် စေတုတ္တရာကို လိုက်လာခဲ့ရပါတယ်။ အကြီးကလေးက ခြောက်နှစ်၊ အငယ်ကလေးက သုံးနှစ်။ သူ့စိတ်ကူးကတော့ ဒီအတိုင်းဆက်နေရင် အစာငတ်ရေငတ်ပြီး ဒုက္ခရောက်တော့မယ်။ ဒီကြားထဲ ရေကလည်းပြန်မကျ။ အငယ်ကလေးက ဖျား။ နောက်ဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် စေတုတ္တရာဘက်ထွက်ပြီး ဆေးဝါးနဲ့စားစရာရှာမယ်၊ ကူညီကယ်ဆယ်ရေးတွေကို အကူအညီတောင်းပြီး ကလေးနှစ်ယောက် ပြန်လာခေါ်မယ်ပေါ့။ ဒါပေမယ့် ကူညီကယ်ဆယ်ရေးစခန်းမှာက ကိုယ်ပိုင်စက်လှေကမရှိ။ ငှားထားတဲ့စက်လှေတစ်စင်းကလည်း လူမမာတွေ အရေးပေါ်ပို့။ လမ်းသင့်တဲ့စက်လှေကလည်း မရှိ။ ဒီတော့ သူ့ခမျာ ဆရာတော်ကိုအားနာပြီး ဘာမှမလျှောက်ထားတော့ဘဲ ညအိပ်ပြီးမနက်ကြမှ အကူအညီရှာမယ်လို့ မလွှဲမရှောင်သာပဲ ဆုံးဖြတ်ခဲ့ရပါတယ်။

မနက်ကြပြန််တော့ ဘယ်စက်လှေမှအဆင်မပြေ။ လူတိုင်း သောကတွေဒုက္ခတွေနဲ့ချည်းပဲမို့ ကလေးနှစ်ယောက်ကို တညအိပ် ဒီအတိုင်းပစ်ထားခဲ့ရတာတွေးပြီး သူ့ခဗျာ ငိုကြီးချက်မဖြစ်ရတော့တာပေါ့။ ဒါနဲ့ပဲ ဆရာတော်က စက်လှေတစ်စင်းအပူတပြင်းလို်က်ရှာငှါးပြီး အဲဒီအမျိုးသမီးအတွက် စီစဉ်ရပါတော့တယ်။

ဒါတွေကတော့ စေတုတ္တရာရေဘေးကြောင့် လူတွေ ဘယ်လောက်အထိ ဒုက္ခကြီးခဲ့ကြရတယ်ဆိုတာ ပြောပြလိုက်တာပါ။ ဒီလိုနဲ့ အထက်ကပြောခဲ့တဲ့ ရွာပါပျက်သွားလို့ ရွာနေရာသစ်ရှာကြရတဲ့ ရွာသုံးရွာအနက် ပွင့်တောက်ရွာကို ဦးစားပေးကူညီဖို့ ကျနော်တို့နည်းလမ်းရှာကြရပါတယ်။ ကံကောင်းချင်တော့ ကျနော်နဲ့ခင်မင်ပြီး ရေဘေးကူညီချင်တဲ့ ပြည်ပရောက်မိတ်ဆွေတစ်ဦးက ငွေ ဆယ်သိန်းပို့ပေးတာရယ် မန္တလေးက ပန်းချီဆရာများအဖွဲ့က သိန်း နှစ်ရာကျော်ပိုက်လာမယ်ဆိုတာရယ်ကြောင့် ဆက်သွယ်ရအခက်အခဲဆုံးနဲ့ ရွာလုံးကျွတ်တောင်ပေါ်တက်ပြေးရလောက်အောင် ရေဘေးဒဏ်ထိတဲ့ ပွင့်တောက််ရွာကလေးဆီသွားကြဖို့ အပူအတပြင်း စီစဉ်ကြရပါတော့တယ်။

ပွင့်တောက်ရွာကိုသွားဖို့ဆိုရင် မုန်းတမံကြီးအောက် အထက်ဘက်တနေရာအထိဆင်းရပါမယ်။ ကူညီကယ်ဆယ်ရေးတွေလာမယ်ဆိုတာ အကြောင်းကြားထားလို့  ပွင့်တောက်ရွာက လာကြိုမယ့်စက်လှေနှစ််စီးနဲ့သွားကြရမှာပါ။ မေးမြန်းကြည့်တော့ နှစ်နာရီကျော်လောက် စက်လှေစီးရမယ်လို့ဆိုပါတယ်။ မနေ့ကတည်းက မန္တလေးကရောက်လာနှင့်ကြတဲ့ပန်းချီဆရာအဖွဲ့နဲ့အတူ ကျနော်လည်း စက်လှေအတူစီးပြီးသွားရမှာပါ။ ပန်းချီဆရာအဖွဲ့တဖွဲ့လုံး စိတ်လှုပ်ရှားတက်ကြွနေကြတာကို တွေ့နေရပါတယ်။

မန္တလေးက ပန်းချီဆရာအဖွဲ့ဆိုတာက ရေဘေးအတွက် လမ်းဘေးမှာပန်းချီဆွဲရံပုံငွေရှာပြီး လာရောက်ကူညီကြတဲ့ ပန်းချီဆရာများပါပဲ။ သူနဲ့အတူ အလှူငွေ သိန်းနှစ်ရာကျော်ပါလာတယ်ဆိုတာသိရလို့ ကျနော်လည်း ဝမ်းသာနေမိတယ်။ ကျနော့်လက်ထဲမှာက ပြည်ပမိတ်ဆွေတစ်ဦးပို့ပေးတဲ့ ငွေက ဆယ်သိန်း။

လှေဆိပ်ကိုဆင်းတော့ လူတွေအာလုံးလိုလို အသက်ကယ်အကျီဝတ်ကြရပါတယ်။ နှစ်နာရီကျော်ကြာ ရေလမ်းခရီးသွားကြရမှာဖြစ်တဲ့အပြင် မုန်းချောင်းနဲ့ ဆည်ကြီးထဲမှာ ရေအပြည့်ဖြစ်နေသေးတာရယ် ဒိုက်တွေ အမှိုက်တွေရှိနေသေးတာရယ်ကြောင့် ဂရုတစိုက် သတိကြီးစွာထား သွားကြဖို့ အချင်းချင်း သတိပေးကြရပါတယ်။

စက်လှေတွေပေါ်တက်ပြိီး အထက်ကိုဆန်ဖို့ ရေပင်လယ်ကြီးကိုငေးကြည့်တော့ ရေကြီးလို့ ဒေါသပြေဟန်မတူသေးတဲ့ မုန်းဆည်ကြီးဟာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသလားလို့ပင် ထင်လိုက်မိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly