ရေလွှမ်းဒဏ်ခံ ဆွာချောင်းဆည်အနီးဒေသခံများ လိုအပ်သလောက် အကူအညီမရသဖြင့် စိတ်ပျက်နေ

By ဝင်းနန္ဒာ၊ ခင်နှင်းဝေ/ Myanmar Now
09 November 2018
ရေလွှမ်းဒဏ်ခံ ဆွာချောင်းဆည်အနီးဒေသခံများ လိုအပ်သလောက် အကူအညီမရသဖြင့် စိတ်ပျက်နေ
တမံကျိုးပေါက်မှုအပြီးပျက်ဆီးဆုံးရှုံးသွားသည့် လယ်ယာမြေများအား ကြည့်နေသည့် ဒေသခံတောင်သူတစ်ဦး။

ဆွာ၊ ပဲခူးတိုင်း — ဩဂုတ်လကုန်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပြိုကျသဖြင့် ရေဘေး သင့်ခဲ့သည့် ပြည်သူများအနေဖြင့် ဆည်မြောင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ထံမှ လုံလောက်သည့် အကူအညီများမရသေးဟု ပြောသည်။

ဆွာတမံရေပိုလွှဲမှ ရေကျော်ကျသည့် အခြေအနေနှင့်ပတ်သက်ပြီး တမံအခြေအနေ စိုးရိမ်စရာမရှိကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများက ရေးသားခဲ့ပြီး နှစ်ရက်အကြာတွင် တမံ ကျိုးပေါက်ခဲ့သဖြင့် ဆွာနှင့် ရေတာရှည်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၈ဝ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ လူခြောက်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၆ဝ,ဝဝဝ ကျော် နေရာပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်-မန္တလေး ရထားလမ်း အစိတ်အပိုင်းအချို့နှင့် အမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားတို့လည်း ပျက်စီးခဲ့သည်။

အောက်တိုဘာ တတိယပတ်အတွင်း Myanmar Now က ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာအချို့သို့ သွားရောက်ခဲ့ရာ ၎င်းကျေးရွာများတွင် ရေဘေးသင့် အိမ်ထောင်စုများအား အစိုးရက ငွေကျပ်သုံးသိန်းစီ ထောက် ပံ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်သမားများဖြင့်အိမ်များကို လတ်တလော တည်ဆောက် ပေးနေသည်ကို တွေ့ခဲ့ရသည်။

အိမ်တိုင်ကျွတ်ပါသွားသူများသာ ထောက်ပံ့ငွေကျပ်သုံးသိန်းရရှိပြီး ပြိုကာနီးအိမ်များအနေနှ င့် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိကြောင်း ရေတာရှည်မြို့နယ် ကညင်အိုင် ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေါ်တင်ရှိန်က Myanmar Now ပြောသည်။

“ကလေးက သွက်ချာပါဒလေးဆိုတော့ အိမ်ကပစ္စည်းတွေကို ဘာမှလိုက်ဆယ်ချိန်မရလိုက်ဘူး။ အိမ်ပြန် ပြင်နိုင်ဖို့နေနေသာ လယ်ကလည်းပျက်စီးဆိုတော့ ဘာမှလုပ်ကိုင်စားသောက်လို့မရတော့တာပဲ ဆိုးတယ်” ဟု ယိုင်ထိုးနေသည့်တဲအိမ်ငယ်ကိုကြည့်ကာ ပြောသည်။ လက်ရှိတွင် မိသားစုတစ်စုလုံး ပုဂ္ဂလိကထောက်ပံ့ရေး အသင်းများ၏ အကူအညီဖြင့်စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေသည်ဟု ပြောသည်။

သဲနုန်းဖုံးသွားသည့်မြေဧရိယာများ၌ ပြန်လည်စိုက်ပျိုးနိုင်ရန် ထောက်ပံ့ကြေးငွေပေးပြီး ၎င်းတို့အိမ်ကို ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက အစိုးရထံမှ မျှော်လင့်နေသည်။
ဆွာတမံကျိုးပေါက်မှုတွင် လူနေအိမ်များသာ မျောပါပျက်စီးခြင်းမဟုတ်ဘဲ အိမ်တွင်မွေးမြူထားသည့် ကျွဲ ၊ နွား၊ ဝက် စသည့် တိရစ္ဆာန်များ သေကျေပျက်စီးခဲ့သလို ရေဖုံးလွှမ်းသည့်ကျေးရွာများတွင် ပြန်လည်စိုက်ပျိုးမရအောင် ဧရိယာတော်တော်များများမှာ သဲနုန်းဖုံးလွှမ်း ပျက်စီးခဲ့ခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုကို ရင်ဆိုင်နေရသည်ဟု ဒေသခံရွာသူ၊ ရွာသားများက ဆိုသည်။
“ရေနောက်ပါတဲ့ တိရစ္ဆာန်တွေကို ပြန်လိုက်ယူပေးသင့်တယ်။ အခုကျတော့ ပိုက်ဆံပေးပြီးမှ ပြန်ယူနေရတာမျိုးတွေ ရှိတယ်။ သိန်းနဲ့ချီပြီးပေးရတယ်။ ရေအဆုံးကုန်းတစ်ဝက်ဆိုပြီး တော့ပေါ့။ အစိုးရလူကြီးတွေက လိုက်ယူပေးရင် ပိုက်ဆံမပေးရဘဲပြန်ရနိုင်တယ်” ဟု ကညင်အိုင်ကျေးရွာနေ တောင်သူ ကိုမျိုးက ပြောသည်။

နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားမည်ကိုကျေးရွာနေလူထုစိုးရိမ်ကြသည်။
ရေနစ်မြုပ်မှုကြောင့် အိမ်အလုံးလိုက်ရေထဲပါသွားသည်ကို ကြုံခဲ့ရသည့် ကညင် ဆွာမင်းလမ်း ကျေးရွာနေ မခိုင်ဇင်မိုးကမူ သဲနုံး ဖုံးသွားသည့်လယ်ယာမြေများနှင့်ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတစ်ရာဖြေရှင်းပေးရန် မျှော်လင့်နေသည်။

“အိမ်ဆောက်ပစ္စည်းတွေက ရွာထဲအထိ မရောက်တော့ သွားသယ်ရတယ်။ သယ်တဲ့စရိတ်ကိုက နှစ်သိန်းလောက် ကုန်နေပြီ။ ကျန်တာတော့မတောင်းဆိုချင်ပါဘူး။ အရင်လိုလယ်ပြန်လုပ်စားရရင်ကို ကျေနပ်ပါပြီ” ဟု အသက် ၃၂ နှစ်အရွယ်ရှိသည့် ၎င်းကပြောသည်။

မိသားစုလေးယောက်ရှိသည့် ၎င်းတို့မိသားစုတွင် ယောက်ျားဖြစ်သူက ၂,၅ဝဝ သာရရှိသည့် နေ့တစ်ပိုင်း လယ်အငှားလိုက်ပြီး မခိုင်ဇင်မိုးက နေပြည်တော်အစိုးရရုံးတစ်ခုတွင် သန့်ရှင်းရေးဝန်ထမ်းလုပ်သည်။ မူကြိုအရွယ်ကလေးသုံးဦးရှိပြီး ကယ်ဆယ်ရေးအသင်းတို့၏ထောက်ပံ့မှုဖြင့် စားဝတ်နေရေး ဖြေရှင်းနေရသည်။

သဲနုံးဖုံးပျက်ဆီးဆုံးရှုံးသည့် စပါးခင်းများ

ကညင်အိုင်ကျေးရွာတွင် သဲနုံးဖုံးပျက်ဆီးသည့် လယ်မြေ ၁ဝ ဧကထက်မနည်းရှိနေပြီး ထိုပျက်ဆီးဆုံးရှုံးမှုများ အတွက် ကူညီ ဖြေရှင်းပေးရန်ဆည်မြောင်းဝန်ကြီးဌာနသို့ စာတင်ပြထားသော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးကြောင်း ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး  ဦးလင်းထိန်က ပြောသည်။

“ဆည်မြောင်းက သဲဖုံးသွားတဲ့ လယ်တွေကိုသူတို့ထွန်စက်တွေနဲ့ လာပေါက်သွားပြီး အပျက်အစီးစာရင်းတွေ တင်ထားတာ အခုထိဘာမှအကြောင်းမထူးဘူး။ ဝန်ကြီးချုပ်က ကျွံသွားတဲ့ (ရွာချင်းဆက်လမ်းပေါ်ရှိ) တံတားကိုလည်း သိန်း ၈ဝ ချပေးမယ် ပြောသွားတယ်။ အခုအချိန်အထိလည်း ဘာမှမကြားတော့ပါဘူး။ ဘယ်သူ့မှမလုပ်ပေးရင် ကိုယ့်ဟာကိုယ် ရွာတွေစုပြီးပဲ ပြန်လုပ်ရတော့မယ်”ဟု ၎င်းက ပြောသည်။

နောက်တစ်ကြိမ်တမံကျိုးပေါက်မည်ကို စိုးရိမ်နေ

ကျေးရွာပေါင်း ၈ဝ ကျော်ရေဘေးသင့်စေခဲ့သည့် ဆွာချောင်းတာတမံ မကျိုးပေါက်ခင်ကလည်း တမံကျိုးပြီဟု ကောလာဟလများအကြိမ်ကြိမ်ထွက်ပေါ်ခဲ့ဖူးသည်။ ၂ဝ၁၄ ခုနှစ် မှာတစ်ကြိမ်တမံကျိုး ပေါက်သည်ဆိုသော သတင်းကြောင့် ရွာအတွင်းပွက်လောရိုက်ခဲ့သေးသည်ဟု ကညင်အိုင်ကျေးရွာနေ ကိုအောင်ထွန်းဖိုက်က ပြောသည်။

အစိုးရနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ယူတည်ဆောက်နေသည့် ဆွာတမံအနီးရှိ ကျေးရွာနေအိမ်များ။

“အဲဒီတုန်းကတော့ ည ၁၁ နာရီလောက်ဖြစ်နေတော့ ပြေးချိန်ရတော့မှာမဟုတ်ဘူးဆိုပြီး တစ်ရွာလုံး အသေခံမယ်ဆိုပြီး ရွာထဲမှာ ဆရာတော်နဲ့ ထိုင်စောင့်နေကြတာ။ ကျီးလန့်စာစား ဖြစ်မှာစိုးလို့ တမံကျိုးတယ် ပြောတဲ့သူကို ဖမ်းမယ်ပြောကြတော့ နောက်ပိုင်းသိပ်မပြောကြတော့ဘူး” ဟု ပြောပြသည်။

ဆွာချောင်းရေလှောင်တမံ၏ ကြံ့ခိုင်မှုမရှိကြောင်းကျေးရွာအချင်းချင်းအကြား ပျံ့နှံ့နေဆဲဖြစ်ခြင်းကြောင့် နောက်တစ်ကြိမ်အသက်ဆုံးရှုံးမှုများ ဖြစ်ပွားမည်ကို အနီးဝန်းကျင်ကျေးရွာများနေပြည်သူတို့စိုးရိမ်နေကြသည်။ ရေဖုံးလွှမ်းပြီးနောက် မိသားစုဆုံးရှုံးဘဝပျက်ရသည့် မိသားစုများကိုလည်း အသင့်အတင့်ဖြစ်အောင် ထောက်ပံ့မှုမျိုးမရှိခြင်းကြောင့် စိတ်ပျက်ဝမ်းနည်းမိသည်ဟု ၎င်းကဆက်ပြောသည်။

ရေအားကြောင့် မှောက်ခုံလှန်သွားသည့် ရန်ကုန်-မန္တလေးရထားသံလမ်း

“ဒီတမံကြီးတစ်ချိန်မဟုတ်တစ်ချိန် ထပ်ဖြစ်မှာပဲ။ မကျိုးမှာနဲ့ကျိုးမှာဆို ကျိုးမှာပဲများတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့ပြည်သူတွေ တစ်စက္ကန့်တောင်ပြေးချိန်ရမှာမဟုတ်ဘူး။ လက်လွတ်စပယ်ကြီး ထားနေမယ် ဆိုရင်တော့ အောက်ကပြည်သူတွေအသက်က တန်ဖိုးမရှိသလိုဖြစ်နေမှာပဲ။ တွေးပြီးကြောက်နေတော့လည်း မထူးဘူး။ ကံပဲပေါ့” ဟု ဆိုသည်။
ပျက်စီးဆုံးရှုံးသည့် လယ်ယာမြေများအတွက် လျော်ကြေးရရှိရန် တောင်သူများက ဆန္ဒရှိနေပြီး လတ်တလော မပျက်စီးသည့်လယ်မြေများပြန်လည်စိုက်ပျိုးနိုင်ရန် ဆည်မှရေကိုလွှတ်ပေးရန်ဒေသခံများက တောင်းဆိုသည်။

“သဘာဝဘေးကြောင့်ဖြစ်တာမှမဟုတ်ဘဲ။ ကျွန်တော့်တစ်သက် မိုးများပြီးလယ်မြေပျက်ခဲ့တာလည်းမရှိခဲ့ဘူး။ ကျွန်တော်တို့လို လယ်မြေဆုံးရှုံးတဲ့သူတွေကတော့ ဘာထောက်ပံ့ကြေးမှမရဘူး” ဟု တောင်သူကိုနိုင်ဦးက ဆိုသုည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း သဲနုံးဖုံးလွှမ်းပျက်ဆီးသွားသည့် လယ်မြေဧရိယာ ဧက ၁,ဝဝဝ ခန့်ရှိကြောင်း၊ ပျက်စီးရာကျေးရွာအုပ်စုများတွင် ဆည်မြောင်းဝန်ကြီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာမူလမြေအခြေအနေပြန်လည်ရရှိရန် ဆောင်ရွက်မှုများပြုလုပ်နေသည်ဟု ၎င်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်က ပြောသည်။ ကျေးရွာပေါင်းမည်မျှတွင် လက်ရှိဆောင်ရွက် နေသည်ကိုတော့ မသိရှိကြောင်း ဆိုသည်။

နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကမူ ဆွာချောင်းတမံကို ပြန်လည်ပြင်ဆင်နေပြီး ဒီဇင်ဘာလအတွင်း ရေပြန်လည်ပေးနိုင်မည်ဟု Myanmar Now ကို ပြောသည်။

“နှစ်တိုင်းနှစ်တိုင်းမှာ ဆွာဆည်က ဒီချိန်ရေမပေးသေးဘူး။ ပုံမှန်ဆိုဒီဇင်ဘာလကုန်ပေးတာ။ အခုတော့ ဒီဇင်ဘာ ၁၅ လောက်ရေပေးနိုင်မယ်။ တမံပြင်ဆင်မှုက ဒီနှစ်ကိုရေပေးနိုင်ဖို့ အဆင့်အတန်းထိတော့ ပြင်ပြီးပြီ။ ဆည်ရေပေးဖို့နဲ့ပြန်လည်စိုက်ပျိုးရေးကိုပဲလုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ပစ်ထားသည်ဟု ခံစားရသူတို့က မကျေနပ်

ရေတာရှည်မြို့နယ် ဆွာချောင်းကျေးရွာသား အသက် ၂၃ နှစ်အရွယ်ရှိ ကိုဖိုးဇော်ကမူ ဆည်မြောင်းဌာနသည် ဆည်ကျိုးကျသည့်ကိစ္စကို ကြိုတင်အသိပေးရန် ပျက်ကွက်ခဲ့သည်ဟု ပြောသည်။
“အရင်ကတော့ သူတို့ ပြောတာပဲ။ တမံကျိုးရင် အမြောက်သုံးချက်ဖောက်ပေးမယ်လို့ဆိုပြီးတော့ တကယ်တမ်းကျိုးတဲ့အခါကျတော့ ဘာအသံမှ မကြားလိုက်ဘူး။ ရွာအချင်းချင်းပြောကြလို့ သိကြတာ” ဟု ၎င်းက ဆိုသည်။

ရေလွတ်ရာပြေးရန် ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ဖုန်းဝင်လာသော်လည်း မကြာခဏဆိုသလို ကြားနေရသည့်ကောလဟာလ သတင်းကြောင့် မယုံကြည်ခဲ့ဘဲ တမံ ကျိုးပြီး ခဏအကြာတွင် ဆိုင်ကယ်သုံးစီး ရှေ့မီးဖွင့်လျှက် ရွာထဲသို့ဝင်လာပြီး လွတ်ရာ ပြေးကြရန် သံပြိုင် အော်ဟစ်ကြသည်မှ သိသည်ဟု ကိုဖိုးဇော်က ဆိုသည်။

တစ်ရွာလုံးလှုပ်လှုပ်ခပ်ခပ်ဖြစ်ကာ အိမ်ရှိပစ္စည်းများ တစ်ခုမှမသယ်နိုင်၊ လူသာလွတ်အောင် ရုန်းပြေးကြတော့ သည်။ ကိုဖိုးဇော်က သူ့ မိန်းမနှင့်ကလေးအား ဆိုင်ကယ်ဖြင့် လွတ်ရာပို့ပြီး အိမ်တွင်ချည်ထားခဲ့သည့် ကျွဲနွားများ လွှတ်ရန်ရွာထဲသို့ပြန်လာခဲ့သည်။

“(ရေက) ဝါတာတာပုံစံကြီးနဲ့ သံလမ်းတွေကျော်လာတဲ့အခါ အသံကလည်း ကြောက်စရာကောင်းတယ်။ မိနစ်ပိုင်းနဲ့ အကုန်မြုပ်ကုန်တာ။ တစ်နေရာမှမပေါ်ဘူး” ဟု လျှပ်တစ်ပြက် မြင်လိုက်ရသည့် မြင်ကွင်းကို ကိုဖိုးဇော်ပြောပြသည်။

တစ်ရစ်ရစ်တိုးလာသည့် ရေမျက်နှာပြင်သည် ဆွာချောင်းကျေးရွာအတွင်းရှိ လူနေအိမ်များကို မိနစ်ပိုင်းအတွင်း ဖုန်းလွှမ်းသွားသည်။ အုန်းပင်ထိပ်ဖျားသို့တက်ကာ ထိုအန္တရာယ်မှကိုဖိုးဇော်ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ကိုဖိုးဇော် တစ်ယောက် မိမိနှင့်မိသားစု ဘေးအန္တရာယ်ကင်းခဲ့သော်လည်း အေးသာယာရွာ တွင်နေထိုင်သည့် ဒေါ်တင်တင်မော်သည် အသက် ၁၁ နှစ်အရွယ်သားငယ်ကို ဆုံးရှုံးခဲ့ရသည်။ ထို့နေ့က ရေလွတ်ရာပြေးရန် ဖုန်းဝင်လာသောကြောင့် အိမ်ရှိသားဖြစ်သူနှင့်အတူ ရန်ကုန်-မန္တလေး မီးရထားသံလမ်းအတိုင်းပြေးခဲ့သည်။ သံလမ်းမှ ဆွာမြို့ကုန်းမြင့်ပေါ်သို့ရောက်ရန် ဝါးတစ်ပြန်စာအလိုတွင် ရေလုံးက ၎င်းတို့အားရိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ရေလုံးနီးလာပြီ မလွတ်တော့ဘူးလို့ထင်တဲ့အခါကျတော့ အန်တီတို့အကုန်ထိုင်ချလိုက်ပြီး သံဘောင်ကိုဆွဲထားကြတာ။ ဒါပေမယ့် သံလမ်းကဆွဲလှန်လိုက်သလို မှောက်ခုံ ဖြစ်သွားတယ်။ အန်တီနဲ့ဗိုက်ကြီးသည် (တစ်ယောက်) အရင်ရေထဲကျတယ်။ အဲဒီနောက် သားဘာဆက်ဖြစ်လဲ အန်တီမသိရတော့ဘူး” ဟု မချိတင်ကဲဆိုသည်။

သူ့တွင်သားသမီးသုံးယောက်ရှိပြီး သေဆုံးသူ မောင်သူရဇော်မှာအငယ်ဆုံးသားဖြစ်သည်။ ရေထဲတွင် လူစုကွဲပြီးနောက် သားဖြစ်သူကို လိုက်လံရှာဖွေခဲ့ရာ ၁၇ ရက်အကြာတွင် အိမ်နီးချင်းရွာလယ်ကွင်းထဲ၌ လတ်ပတ်နာရီ၊ အဝတ်အစားများနှင့်အတူ သားငယ်၏အရိုးစုကို တွေ့ရှိခဲ့ရသည်ဟုကြေကွဲစွာဆိုသည်။

ဆွာရေဘေးတွင် သေဆုံးခဲ့သည့် ငါးတန်းကျောင်းသားမောင်သူရဇော်

ယင်းတမံကျိုးပေါက်မှုကြောင့် သေဆုံးသူခြောက်ဦးအထိရှိခဲ့ပြီး အေးသာယာရွာမှ ငါးတန်းကျောင်းသား ကလေးနှင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူမိသားစုထံ တိုင်းဒေသကြီးအစိုးရမှ ငွေကျပ်သုံးသိန်းပေးအပ်ထောက်ပံ့ခဲ့သည်ဟု သေဆုံးသူ မောင်သူရဇော်၏ မိခင် ဒေါ်တင်တင်မော်က ပြောသည်။

ဆွာရေဘေးတွင် သေဆုံးခဲ့သည့် ငါးတန်းကျောင်းသားမောင်သူရဇော်၏မိခင် ဒေါ်တင်တင်မော်

သားဖြစ်သူရုပ်အလောင်းပြန်လည်ရရှိသည့်နေ့တွင် ဒေါ်တင်တင်မော် ဆည်ရှိရာသို့ သွားရောက်ခဲ့ပြီး ဆည်မြောင်းတာဝန် ရှိသူများနှင့်တွေ့ခွင့်ရရှိရန် တောင်းဆိုခဲ့သည်။

“သူတို့ပြောတာ လက်ဆွယ်မြောင်းလေးပဲ့ရုံပဲ့သွားတာပါလို့ပြောတယ်။ ကျိုးနေတဲ့နေရာမှာ ကွန်ကရစ်လုပ်ထားတာ သံချောင်းတစ်ချောင်းမှ မပါဘူးနော်။ ကျန်တဲ့နေရာတော့မသိဘူး။ သူတို့မှာလေးစားမှုရှိရင် ဘဝပျက်တဲ့မိသားစု တွေကို သူတို့ဒီလိုထားပါ့မလား။ ကျွန်မ ဆည်မြောင်း (ဌာန) ကိုတော့ လုံးဝမှမကျေနပ်ဘူး။ ကျွန်မသားလူ့ဘဝမရောက်မချင်း အဲ့ဒီဆည်မအောင်မြင်ပါစေနဲ့လို့ကို ဆုတောင်းတယ်” ဟု နှုတ်ခမ်းဖျား စေ့စေ့တင်းကာ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly