Eleven မီဒီယာမှ သတင်းသမားများအမှုကို တရားရှင် ရုပ်သိမ်း

Eleven မီဒီယာမှ သတင်းသမားများအမှုကို တရားရှင် ရုပ်သိမ်း

ရန်ကုန်၊နိုဝင်ဘာ ၉ ။          ။ Eleven သတင်းသမားများ၏ အမှုကို နိုဝင်ဘာ ၉ရက်နေ့ ရုံးချိန်းတွင်   တာမွေမြို့နယ် တရားရုံးမှ တရားရှင် ရုပ်သိမ်းရန် အမိန့်ချမှတ် လိုက်သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့အပေါ် ဝေဖန်ရေးသားထားသော ဆောင်းပါးကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းသမားသုံးဦးကို တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း နိုင်ငံတော်သမ္မတရုံးမှ တိုင်းအစိုးရကို ယခုအမှုနှင့်ပတ်သက်၍ ညွှန်ကြားမှုများ ပြုလုပ်လာပြီးနောက်ပိုင်း ယခုကဲ့သို့  သတင်းမီဒီယာကောင်စီကို လွှဲပြောင်းရန်အတွက် အမှုကို တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။

" သတင်းမီဒီယာကောင်စီကို တိုင်ကြားထားတာမို႔  ၅၀၅ (ခ)ကို ရုတ်သိမ်းလိုက်ပါတယ်၊အဲဒါပဲပါတယ်။ ဥပဒေရုံးကိုတင်တယ်။ ဥပဒေရုံးကတစ်ဆင့် တရားသူကြီးကိုတင်တယ်။ တရားသူကြီးကနေ အခုအမိန့်ရေးနေတယ်။အမှုကို ရုပ်သိမ်းဖို့ ဒီနေ့ အမိန့်ချမယ်။ " ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

သတင်း မီဒီယာကောင်စီ၏ ဖြစ်စဉ်လုပ်ဆောင်ချက်အတိုင်း ၄င်းတို့ ရေးခဲ့သည့် ဆောင်းပါးနှင့် ပတ်သက်ပြီး မှန်ကန်မှုနှင့်အချက်လက်များကို တင်ပြညှိနှိုင်းသွားမည် ဖြစ်ကြောင်း ထိုသတင်းသမားသုံးဦးက ဆိုသည်။

 "  တောင်းပန်ဖို့အတွက်ကျတော့ ကျွန်တော်တို့ ဘာအမှားမှ လုပ်ထားတာ မဟုတ်ဘူး။ဘယ်လိုမှ တောင်းပန်စရာအကြောင်းလဲ မရှိဘူး။ မှန်ကန်တဲ့ သတင်း Sourceတွေဆီကနေ ဖော်ပြတာကို ကျွန်တော်တို့ရေးထားတာ ဖြစ်တယ်။ ဒါကတော့ ကျွန်တော်တို့ စာနယ်ဇင်းကောင်စီမှာ တွေ့ရမှာပါ။" ဟုElevenမီဒီယာမှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းကပြောသည်။

ဖော်ပြခဲ့သည့် ဆောင်းပါးအတွက် မှားယွင်းကြောင်းတောင်းပန်ပေးလျှင် အမှုကို ကြေအေးပေးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည့်အပေါ်တွင် မှန်ကန်သည့်သတင်း အရင်းမြစ်များနှင့် ရေးခဲ့ခြင်း  ဖြစ်သည့်အတွက် တောင်းပန်ရန် အကြောင်းမရှိဘူးဟု စွပ်စွဲခံ Eleven သတင်းသမားများက မီဒီယာများကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly