အသည်းရောဂါ မဖြစ်ဖို့ - ( ၁ )

အသည်းရောဂါ မဖြစ်ဖို့ - ( ၁ )

အသည်းရောဂါနဲ့ပတ်သက်ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အသည်းရောဂါပညာဌာနရဲ့ ဌာနမူးလည်းဖြစ်၊  မန္တလေး ဆေးတက္ကသိုလ်ရဲ့ပါမောက္ခလည်းဖြစ်တဲ့  ဆရာမကြီး ပါမောက္ခဒေါက်တာ ညိုမီခိုင်သန်းလှိုင် နဲ့ မဇ္စျိမ ကိုမျိုးသန့် တို့ မေးမြန်းဆွေးနွေးချက်ပဲဖြစ်ပါတယ် ။               

မေး။ ။ ကျွန်တော်တို့နိုင်ငံမှာ အသည်းနဲ့ပတ်သက်လို့ အဖြစ်များတဲ့ရောဂါ အကျဉ်းချုံးလေး ပြောပေး ပါလားခင်ဗျာ ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါ ကမ္ဘာမှာအဖြစ်များတဲ့ရောဂါနဲ့ သိပ်မကွာပါဘူး၊ အသည်း ရောင် B ပိုး C ပိုး အဲ့ဒါတော့ အဓိကပေါ့နော်။ နောက်တစ်ခုကကျတော့ အရက်ကြောင့်ဖြစ်တဲ့အသည်း ရောဂါပေါ့ နောက်အသည်းအဆီဖုံးတဲ့ရောဂါ အသည်းရောဂါတွေအားလုံးက အသည်းခြောက်တဲ့ဆီ ကိုပဲ ဦးတည်သွားတာ အဲ့ဒီတော့အသည်းခြောက်ပြီးလို့ရှိရင် အသည်းကင်ဆာပေါ့ အဓိကကအဲ့ဒါ တွေပဲ အဖြစ်များနေတာပါ။

မေး။ ။ B ပိုး C ပိုးရှိလို့ရှိရင် ဘယ်လိုလက္ခဏာတွေပြလဲ အဲ့ဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လို အသည်းကင်ဆာအထိကို အဆင့်တက်သွားနိုင်သလဲ။

ဖြေ။ ။ B ပိုး C ပိုးတွေရှိရင် ဘယ်လို လက္ခဏာပြလဲဆိုတော့ အများစုက လက္ခဏာမပြဘူး၊ အဲ့ဒါ ကြောင့် ကလေးတွေကို စာသင်လို့ရှိရင် အဲ့ဒီလက္ခဏာမရှိတာက လက္ခဏာတစ်ခုဖြစ်တယ်ပေါ့နော်၊ ဘာလက္ခဏာမှမရှိဘူး ဘာလက္ခဏာမှမခံစားရဘူး လူကောင်းလိုဖြစ်နေခြင်းဟာ အသည်းရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ အဲ့ဒီလိုမျိုးရှိနေတာကို မသိဘဲနဲ့ နေရင်းနဲ့ အထဲမှာ တဖြည်းဖြည်းနဲ့ ခန္ဓာ ကိုယ် ထဲမှာတော့ ပျက်စီးနေတာပေါ့နော် ၊ အသည်းထဲမှာတော့ သူကအသည်းရောင်မယ် ပြန်ကောင်း သွားမယ် ရောင်လိုက် ကောင်းလိုက် ကြာသွားတဲ့အခါကျရင် နာတာရှည်အသည်းရောဂါ ဖြစ်တယ်။ အဲ့ဒီကနေ အသည်းခြောက်တယ်ပေါ့ အသည်းခြောက်တာမှာလည်း သူက နှစ်ပိုင်းရှိသေးတယ် ။ ခြောက်ပေမယ့် အသည်းအလုပ် လုပ်နိုင်တယ်ပေါ့၊ အဲ့ဒါကတစ်ခု၊ နောက်တစ်ခုက အသည်းက ခြောက်သွားပြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး အဲ့ဒါကျတော့ အသည်းကျွမ်းတယ်ခေါ်မလား ၊ အသည်း ပျက်စီးတာများတဲ့အခါပေါ့ အဲ့ဒါတွေဖြစ်တတ်တယ်။ ပြီးတော့အသည်းခြောက်ပြီဆိုရင် သူ့ရဲ့နောက်ဆက်တွဲက အသည်းကင်ဆာပေါ့ အဲ့ဒီလိုအဆင့်လိုက်သွားတာ။

မေး။ ။ ဘီပိုး စီပိုးတွေကို  ဘယ်လိုကာကွယ်လို့ရနိုင်သလဲ  ဆရာမကြီး။

ဖြေ။ ။ ဘီပိုးကတော့ ကာကွယ်ဆေးရှိတယ်လေ စီပိုးကတော့ လောလောဆယ် ကာကွယ်ဆေးက မရှိသေးဘူး ထုတ်လုပ်နေတာကတော့ ရှိတယ်ပေါ့နော်၊ ဒါပေမယ့် အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် အတိုင်းအတာတစ်ခုအောင်မြင်ပေမယ့် သုံးတဲ့အဆင့် မရောက်ဘူးပေါ့။ ဘီပိုး ကျတော့ သူကကာကွယ်ဆေးထိုးဖို့လိုတာ ကာကွယ်လိုက်လို့ရှိရင် တစ်ခါတစ်လေကျ လူနာတွေက ဘီပိုးရှိတယ်ဆိုလို့ရှိရင် ကာကွယ်ဆေးထိုးဖို့ သတိမရဘဲနဲ့ အဲ့ဒီဘီပိုးရှိတဲ့လူနဲ့ ဘယ်လိုကင်းအောင် နေရမလဲဆိုတာမျိုးကို မေးတာပေါ့နော် အဲ့ဒါမဖြစ်နိုင်ဘူး။ ဘီပိုးကျတော့ ကာကွယ်ဖို့ဆိုရင် ကာကွယ် ဆေး ထိုးရမယ် ဒါပေမယ့် ကာကွယ်ဆေးကိုထိုးချင်တိုင်း ထိုးလို့တော့မဖြစ်သေးဘူး စစ်ကြည့်ရဦးမှာ သွေးထဲမှာ ကိုယ့်မှာ ဘီပိုးရှိမရှိပေါ့ အဲ့ဒါလေးစစ်ကြည့်ရမယ် စစ်ကြည့်ပြီးတော့ ကာကွယ်ဆေးထိုးရ မယ် မရှိဘူးဆိုရင်ထိုးပေါ့ ရှိတဲ့လူက ထိုးမိလို့ဘာမှတော့ ပိုဆိုးမသွားဘူး။ ဒါပေမယ့်လို့ ကိုယ်ရှိမှန်း မသိတဲ့အခါကျ ငါကာကွယ်ဆေးထိုးထားတယ်ဆိုပြီးတော့ လွဲမှားတဲ့ ကိုယ်ကိုကိုယ် စိတ်ချရတဲ့ လွဲမှားပြီး ထင်နေတတ်တာမျိုး ထင်နိုင်တဲ့အတွက်ကြောင့် အဲ့ဒါကို စစ်ပြီးမှပဲ ထိုးဖို့လိုတာပေါ့နော် ။ ဒါပေမယ့် ရှိတယ်ဆိုရင်ကု၊ မရှိဘူးဆိုလို့ရှိရင် ကာကွယ်ဆေးထိုးပေါ့ ကာကွယ်ဆေးထိုးတဲ့အခါကျလို့ ရှိရင် သူက သုံးလုံးထိုးရတယ် သုံးလုံးထိုးတယ်ဆိုတာ ပထမတစ်လုံးကတော့ ကိုယ်ခံအားဖြည့်ပေး လိုက်တာပေါ့နော်။ ကိုယ်ခံအားထွက်လာအောင်လုပ်ပေးလိုက်တာပေါ့ ဒုတိယတစ်လုံးကတော့ ကိုယ်ခံအားထပ်ပြီးတော့ မြှင့်ပေးလိုက်တာပေါ့။ တတိယကတော့ အမြင့်ဆုံးရအောင်လုပ်ပေးတယ်။ အဲ့ဒီတော့ သုံးလုံးထိုးရင်တော့ သူကအထွေထွေလုံလောက်တယ်လို့ ဆိုတယ်။ အဲ့ဒီတော့ ကာကွယ် ဆေးသုံးလုံးထိုးဖို့လိုတယ်။ ထိုးနည်းကတော့ အမျိုးမျိုးရှိတာပေါ့နော်။ ဒါပေမယ့် အဲ့ဒီ Standard လို့ခေါ်တဲ့ စံပြသဘောမျိုးထိုးတာကျတော့ 016 ပေါ့နော် ပထမထိုးတဲ့ အလုံးကို 0 လို့ယူလိုက်တယ် နောက် ဒုတိယတစ်လုံးထိုးတာကို ပထမတစ်လုံးထိုးပြီး တစ်လနေမှ ထပ်ထိုးတယ် ပြီးလို့ဆိုရင် ခြောက်လမှာတစ်ခါထိုးမယ်ပေါ့ 016 လို့သတ်မှတ်တယ်။ တစ်ခါတစ်လေကျတော့ လူနာတွေက မေ့သွားတယ် မထိုးဖြစ်ဘူး အဲ့ဒီအခါကျ ကျွန်မတို့ အခုတော့ အစိုးရကျန်းမာရေးဝန်ကြီးဌာန နှင့် ကျွန်မတို့ Guide line ဆွဲတဲ့အခါကျရင် 012 ပေါ့ သုံးလဆက်တိုက် တစ်လုံး တစ်လုံးဆက်တိုက် တောက်လျှောက်ထိုးသွားဖို့ အဲ့ဒါကတော့ ကျွန်မတို့အကြံပေးတယ် အဲ့ဒါကလူတိုင်းအတွက်ပြောတာ ပေါ့ ဒါပေမယ့် ဘီပိုးရှိတဲ့ကလေးတွေကို မွေးကင်းစတွေပေါ့ အမေမှာဘီပိုးရှိတယ် သူကကိုယ်ဝန် ဆောင်လို့ ကလေးမွေးမယ်ကျတော့ မွေးကင်းစတွေကိုထိုးတာကတော့လိုသေးတယ်။ မွေးကင်းစကျ တော့ အမေ့ဗိုက်ထဲကနေ ထွက်ထွက်ခြင်း စက္ကန့်မဆိုင်းပေါ့နော် ဒီကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ရော၊ အပြည်ပြည်ဆိုင်ရာအသည်းအဖွဲ့ အစည်းတွေရော ကျွန်မတို့မြန်မာနိုင် အစာအိမ်လမ်းကြောင်းနဲ့ ကျွန်မတို့အသည်းအဖွဲ့ကရော သတ်မှတ်ထားတာကတော့ ၁၂ နာရီအတွင်းထိုးပေါ့ ဒါပေမယ့် ၁၂ နာရီအတွင်းဆိုတာ အဲဒီထက်နောက်မကျရင်ကောင်းတယ်လို့ ပြောတာပါ။ စောနိုင်သမျှစောစော အူဝဲမအော်ခင်ကတည်းက ကောက်ပြီးထိုးထားဖို့ ကျွန်မတို့ကတော့ အကြံပေးတာပဲ အဲ့ဒီတော့ ကလေးကိုမွေးပြီးပြီးချင်း အမေမှာဘီပိုးရှိတယ် ဆိုရင် ကာကွယ်ဆေးတန်းထိုးမယ် နောက်တစ်ခုက အမေမှာဘီပိုးမရှိလဲဘဲ ကလေးကိုကာကွယ်ဆေးတန်းထိုးမယ်။ ဆိုလိုချင်တာက မိခင်ဟာကလေးမွေး ပြီးလို့ရှိရင် သူ့မှာဘီပိုးရှိရှိမရှိရှိ မိခင်တိုင်း သူတို့မွေးလာတဲ့ကလေးလေးတွေကို ဘီပိုးကာကွယ်ဆေး ထိုးဖို့က မွေးပြီးပြီးချင်း ထိုးဖို့က အဲ့ဒါအရေးကြီးဆုံး အဲ့ဒါအကောင်းဆုံးကာကွယ်နည်းပဲ။ ဒါပေမယ့် ကျန်တဲ့လူတွေကျတော့လည်း လူတိုင်းထိုးသင့်တယ်။

မေး။ ။  စီပိုးကျတော့ရော ဆရာမကြီး ဘယ်လိုကာကွယ်ရမလဲ။

ဖြေ။ ။ စီပိုးကကာကွယ်ဆေးမရှိဘူး၊ ကာကွယ်ဆေးမရှိတော့ စီပိုးမကူးအောင် သတိထားသင့်တာပေါ့။

မေး။ ။ အဲ့ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာဆိုရင် စီပိုးက ကူးတတ်ပါသလဲ။

ဖြေ။ ။ အဓိကက စီပိုးက သွေးကနေတစ်ဆင့်ကူးတာ၊ သွေးကနေတစ်ဆင့်ကူးတော့ ပိုးရှိတဲ့လူရဲ့ သွေးနဲ့ ကိုယ်နဲ့မထိဖို့လိုတာပေါ့။ ကိုယ့်ရဲ့ခန္ဓာကိုယ်က အရေပြားအမှေးပါး အဲ့ဒါတွေမှာလဲ အပွန်းအပဲ့အပေါက်တွေရှိတော့ အဲ့ဒီမှာ ပိုးရှိတဲ့လူရဲ့သွေးနှင့် ထိတွေ့လို့ရှိရင် ဝင်သွားနိုင်တယ် ၊ ကူးနိုင်တယ်ပေါ့။ အဲ့ဒီတော့ အဲ့ဒါမျိုးတွေမကူးနိုင်အောင်ဆိုပြီးတော့ ကျွန်မတို့က သွေးနဲ့မထိနဲ့ဆိုတဲ့ အခါ ဆေးရုံဆေးခန်းလည်းမဟုတ် ဘာမှမဟုတ် သွေးနဲ့ဘယ်လိုလုပ်ထိမလဲလို့ တွေးတာပေါ့နော် ၊  အဲ့ဒီ ထိနိုင်တဲ့နည်းလမ်းတွေရှိတာပေါ့ ၊ ဥပမာ မုတ်ဆိတ်ရိတ်ထားတာ မျှသုံးလိုက်မိတာမျိုး အဲ့ဒီလိုမျိုး ပေါ့နော် သွေးထွက်နိုင်တဲ့ပစ္စည်းတွေကို ရှဲ share လုပ်မယ်ဆိုရင်တော့ မျှသုံးမယ်ဆိုရင်တော့ အဲ့ဒါ ကူးနိုင်တယ်ပေါ့၊ ဆိုတော့ အဲ့ဒါတွေကို မသုံးခိုင်းဖို့ပေါ့နော်။ နောက်တစ်ခုကကျတော့ ခန္ဓာကိုယ် အရေပြား အပွန်းအပဲ့အပေါက်အပြဲဖြစ်ဖို့ဆိုတာက ဆေးထိုးရင်ပေါ့ ကျွန်မတို့ အနောက်နိုင်ငံတွေနဲ့ ကမ္ဘာမှာဆိုရင်တော့  မူးယစ်ဆေးဝါးအကြောသွင်းတဲ့ ဆေးထိုးတဲ့လူတွေဆိုရင် အဖြစ်များတယ်ပေါ့။ ကျွန်မတို့ မြန်မာပြည်ကျတော့ မူးယစ်ဆေးဝါးလည်းပါမှာပေါ့နော်။ နောက်တစ်ခုကကျ ငယ်ရွယ်စဉ် မှာဆေးထိုးတဲ့ အလေ့အထအရမ်းများတယ် အဲ့ဒီတော့ အဲ့ဒီဆေးထိုးတဲ့နေရာကနေ ကူးနိုင်တယ်ပေါ့ နော်။ တစ်ခါသုံးအပ်နဲ့ဆိုရင် ဒါကခုနောက်ပိုင်းမှာပေါ့။ အရင်တုန်းက အဲ့ဒီလိုမျိုးတွေလုပ်ခဲ့တာကနေ လည်း ကူးတယ်ရှင့်။ နောက်တစ်ခုက အပ်တင်မဟုတ်ဘဲ ဓါးတို့ ဘာတို့အမျိုးစုံပေါ့ ဆေးရုံသုံးဆေးခန်း သုံးတဲ့ ဟာတွေ အဲ့ဒါတွေဟာလဲ ပိုးသန့်စင်အောင် သေချာလေး လုပ်ဖို့တော့ လိုတာပေါ့ ကျွန်မတို့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ အဲ့ဒီဘက်ကိုတော့ လုပ်တယ်ပေါ့နော်။ ဆရာဝန်တိုင်းကတော့ ဒီသန့်ရှင်းရေး လို့ခေါ်တဲ့ ပိုးသန့်စင်တဲ့ဘက်ကတော့ အားထားပြီးတော့လုပ်တယ် ဒါပေမယ့် တစ်ခါတစ်လေကျတော့ တစ်ချို့အပိုင်းလေးတွေမှာ ဆရာဝန်မဟုတ်တဲ့ လုပ်ဆောင်တဲ့အမှုတွေမှာ အားနဲချက်တွေရှိနိုင်တယ်ရှင့် ။

 မေး။ ။   လူတစ်ယောက်က ဘီပိုးရှိပြီဆိုပါတော့ ရှိနေမှန်းလည်းသိပြီဆိုရင် သူ့ကိုဘယ်လိုမျိုး ကုသ ပေးနိုင်မလဲ ၊ ဘယ်လိုမျိုးဆင်ခြင်နေထိုင်သင့်ပါသလဲ ခင်ဗျား။

ဖြေ။ ။ အရင်ဆုံးတော့ ဆင်ခြင်နေထိုင်ဖို့ပေါ့နော် ပိုးရှိတဲ့အခါ ကျွန်မတို့ကုတဲ့အခါမှာ တစ်ခါတစ်လေ ကုတဲ့အဆင့်တွေရှိတာပေါ့ ဒါပေမယ့် ဆင်ခြင်ဖို့ကျတော့ အဓိကကတော့ အရက် ဆေးလိပ် ကွမ်းပေါ့။ လူနာအများစုကမေးလို့ရှိရင် ကျွန်မမေးတဲ့အခါကျရင် သူတို့ကဘယ်လိုမေးလဲဆိုရင် ဘာရှောင်ရမလဲ ဘာစားရမလဲ လို့မေးတယ်။ ရှောင်စရာကတော့ အရက် ဆေးလိပ် ကွမ်းပေါ့။ အဲ့ဒါတွေက အသည်းကို ထိခိုက်တာကိုး အဲ့ဒီတော့ အဲ့ဒါတွေရှောင်ပေါ့။ ဆောင်စရာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရ အစားအစာပေါ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာ စားလို့ဆိုရင်တော့ ဆောင်တာပဲပေါ့ နော်။ လူတိုင်းအတွက် သီးသန့်အစာရယ်တော့မရှိဘူး အဲ့ဒီလိုမရှိတဲ့အခါကျတော့ ဘယ်အစား အသောက်စားရင် ကောင်းတယ်ဆိုတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ရှောင်ရမယ့်ဟာကတော့ အရက်၊ အရက်ထဲမှာ တစ်ချို့ကဘီယာပါတယ်လေ အဲ့ဒါမေ့နေတာ ဘီယာသောက်ပြီးတော့ သူတို့ကအရက် မသောက်ဘူးဆိုတာဖြေနေတော့ အဲ့ဒါကျတော့ မဟုတ်သေးဘူး အရက် ဘီယာ ဆေးလိပ် ကွမ်း အဲ့ဒီလေးခုကတော့ ရှောင်ရမယ်ရှင့်။    ။ (မဇ္စျိမ)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly