မိုးမြေတုန်အောင် ချစ်လိုက်မယ် တေးစီးရီးကို မိတ်ဆက်လိုက်တဲ့ မိုးထက်မြင့်

မိုးမြေတုန်အောင် ချစ်လိုက်မယ် တေးစီးရီးကို မိတ်ဆက်လိုက်တဲ့ မိုးထက်မြင့်

ရန်ကုန်   နိုဝင်ဘာ   ၉ ။           ။ တေးသံရှင်မိုးထက်မြင့်က အမျိုးသမီးတေးသံရှင်များစွာနဲ့ သီဆိုထားတဲ့ “မြေမိုးတုန်အောင်ချစ်လိုက်မယ်” ဆိုတဲ့ တေးအယ်လ်ဘမ်ကို နိုဝင်ဘာလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စာနယ်ဇင်း မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

 “ဒီခေါင်းစဉ်လေးကိုပေးဖြစ်သွားတာက မြူးမြူးကြွကြွစုံတွဲတေးလေးတွေပါဝင်ဖန်တီးထားတယ်။ အဓိက ကတော့ အတိတ်နိမိတ်ယူတဲ့သဘောပါပဲ။ ပရိတ်သတ်တွေမြေမိုးတုန်အောင်အားပေးအောင်ပေးဖြစ်တာ ဖြစ်ပါတယ်။ ဒီလိုအမျိုးသမီးတေးသံရှင်များစွာနဲ့ တွဲဖက်ပြီးသီဆိုဖြစ်ခဲ့တာကတော့ ဘဝမှာ အမှတ်တရ ဖြစ်စေချင်တာ ပါတာပေါ့။ နောက်ပိုင်းအသက်တွေကြီးသွားတဲ့အခါကျတော့ ဘဝမှာ အမှတ်တရဖြစ်ဖို့ အတွက်ပေါ့။ နည်းနည်းလေးတွဲတာထက်စာရင် တစ်ခါတည်းအများကြီးတွဲပစ်လိုက်တာ ပိုပြီးအဆင်ပြေမယ် ထင်လို့ စီစဉ်လိုက်တာပါ။” လို့ တေးသံရှင်မိုးထက်မြင့်ကပြောပါတယ်။

 “မြေမိုးတုန်အောင်ချစ်လိုက်မယ်” ဆိုတဲ့ အခွေထဲမှာ ပန်ဆုပြည့်ကျော်၊ ပန်းအိဖြူ၊ အိအိချွန်၊ စိမ့်နေခြည်၊ မို့မို့ကျော်လွင်၊ သဲနုဝါ၊ သွန်း အစရှိတဲ့ အမျိုးသမီးတေးသံရှင် ၁၁ ဦးနဲ့ သီချင်းစုစုပေါင်း ၁၂ ပုဒ်ကို တွဲဖက် သီဆိုထားပြီး တေးရေးဆရာမြို့မကိုပေါ၊ ဖြိုးသီဟ၊ နန္ဒအောင်တို့က ရေးစပ်သီကုံးထားပြီး တေးဂီတ စန္ဒရား မောင်လှအေး၊ ခွန်ဇာနည်တင်ကြွယ်၊ ငြိမ်းချမ်းတို့က တီးခတ်ပေးထားတယ်လို့ သိရပါတယ်။

 “ဒီအခွေကိုနားထောင်မယ့်ပရိသတ်တွေကို ပြောချင်တာကတော့ အောင်မြင်မှုဆိုတာ ပရိသတ် အားပေးမှ အောင်မြင်မှာပါ။ ကျွန်တော်ကတော့ဖြစ်မြောက်အောင်ပြီးစီးအောင် ပရိသတ်လက်ထဲကိုအကောင်းဆုံးပုံစံနဲ့ ရောက်ရှိအောင်ကြိုးစားထားပါတယ်။ ပရိသတ်ကြီးကနားဆင်ပြီး ဝေဖန်ပါ၊ အကြံပေးပါလို့ ကျွန်တော် ကျေကျေနပ်နပ်ကြီးလက်ခံပေးပါမယ်လို့ ပြောချင်ပါတယ်။” လို့ မိုးထက်မြင့်ကပြောပါတယ်။

 အဆိုပါ တေးစီးရီးအခွေထွက်ရှိဖို့အတွက် တစ်နှစ်ကျော်ကြာအောင် ကြိုးစားခဲ့ရပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မန်းသီရိတေးသံသွင်းကနေ တစ်နိုင်ငံလုံးကိုဖြန့်ချိသွားမယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly