မောတောင်တွင် ကျပ်သိန်း ၁၇၀ ကျော် တန်ဖိုးရှိ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

မောတောင်တွင် ကျပ်သိန်း ၁၇၀ ကျော် တန်ဖိုးရှိ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

မောတောင်၊ နိုဝင်ဘာ (၉) ။             ။ ထိုင်း- မြန်မာနယ်စပ် မြို့ဖြစ်သည့်မောတောင်မြို့တွင် နိုဝင်ဘာ ၈ ရက် ည ၆ နာရီခွဲ အချိန်ခန့်၌ ကာလတန်ဖိုး ကျပ်သိန်း ၁၇၀ ကျော်တန်ဖိုးရှိသော ဘိန်းစာမှုန့်အထုပ်များကို မြန်မာဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်၌ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“ဆာလာ အိတ်နဲ့ ထည့်လာတဲ့ ဘိန်းစာမှုန့် ၁၂ ထုပ်ကို ဖမ်းမိတာပါ။ သူတို့က ထိုင်းဘက်ကို သယ်သွားဖို့ ယူလာတာ ဖြစ်တယ်။ မြန်မာဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးလို့ ဖမ်းဆီးရမိတယ်”ဟု မောတောင်၊ မြို့မရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောဆိုသည်။

မောတောင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ မောတောင် နယ်စပ်ဂိတ်တွင် စစ်ဆေးနေစဉ် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု  တကောဖောလူ ကျေးရွာဘက်မှ ကိုပေါ့ အသက် (၁၈) နှစ်၊ မောင်းနှင်ပြီး ထိုင်းနိုင်ငံ၊ ဖက်ပိုရီမြို့မှ ကိုလက် အသက် (၁၉) နှစ်၊ နှင့် ကိုခေါင် အသက် (၃၇) နှစ်၊ လိုက်ပါလာသည့် တိုယိုတာဟိုင်းလတ် (တစ်ခန်းခွဲ) ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ငှက်ပျောခိုင်များဖြင့် ဖုံးအုပ်၍ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဘိန်းစာမှုန့် ၁၂ အိတ်၊ စုစုပေါင်း အလေးချိန် ၂၆၆ ကီလိုဂရမ်၊ ကာလတန်ဖိုး (၁၇,၂၉၀,၀၀၀) ကျပ်အား ရှာဖွေဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘိန်းစာမှုန့်များအား သယ်ဆောင်လာသူ ကိုပေါ့ အသက် (၁၈)နှစ်၊ ကိုလက် (၁၉) နှစ်နှင့် ကိုခေါင် အသက် (၃၇) နှစ်တို့အား မောတောင်နယ်မြေရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းသိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly