ကျောက္ကာကျေးရွာအား မြိတ်ခရီးစဉ် အသစ်အနေဖြင့် စတင်ရန် စီစဉ်နေ

ကျောက္ကာကျေးရွာအား မြိတ်ခရီးစဉ် အသစ်အနေဖြင့် စတင်ရန် စီစဉ်နေ

မြိတ်၊ နိုဝင်ဘာ (၉) ။           ။ ကျောက္ကာကျေးရွာအား မြိတ်ကျွန်းစု၏ ကျွန်းခရီးများ အနက် ခရီးစဉ်အသစ်အဖြစ် မကြာမီ စတင်ရန် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ စီစဉ်လျက် ရှိကြောင်း သိရ သည်။

 မြိတ်ဒေသ၏ခရီးသွားလုပ်ငန်းများတွင် ကျွန်းခရီးစဉ်များနှင့် ဒုံးညောင်မှိုင်း ကျေးရွာတို့ကို အဓီက ပို့ဆောင် ပေးနေရာမှ  မကြာမီ အချိန်အတွင်း ပြည်တွင်းနှင့် ပြည်ပခရီးသွား ဧည့်သည်များသဘောကျမည့် တစ်ရွာလုံး နီးပါးတံငါလုပ်ငန်းကို အဓိကလုပ်ကိုင်နေပြီး ရေပေါ်တွင် လူနေအိမ်များတည်ဆောက်ထားသော ကျောက္ကာ ကျေးရွာကို မြိတ်ကျွန်းစု၏ ခရီးစဉ်အသစ်အဖြစ် ရွေးချယ်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 ကျောက္ကာကျေးရွာသည်၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းတည်ရှိပြီး၊ မြိတ်မြို့မှ ရေမိုင် ၂၃ မိုင်ကွာဝေးကာ စပီဘုတ်ဖြင့် သွားရောက်ရပြီး အချိန်အားဖြင့် ၄၅ မီနှစ်ခန့် ကြာမြင့်ကြောင်း သိရသည်။ယင်း ရွာကလေးရှိ ဒေသခံအများစုသည် ၁၂ ရာသီပတ်လုံး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ရွာလေးဖြစ်ပြီး၊ ငါး၊ ပုဇွန်၊ ကင်းမွန်၊ ကျောက်ပုဇွန်နှင့် ငပိ/ ငါးခြောက်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

 ရွာ၏ ပုံသဏ္ဍာန်မှာ ပဇောက်ပုံဖြစ်ပြီး၊ ရွာပတ်ပတ်လယ်တွင် အမှတ် ၁/၂/၃/၄ ဟူ၍ ရပ်ကွက် ၄ ခု သတ်မှတ် ထားကာ အိမ်ခြေ ၇၁၀ နှင့် လူဦးရေ ၄၄၇၀ ရှိပြီး ကျွန်းတစ်ကျွန်းပေါ်တွင် ရွာအဖြစ် တည်ဆောက် ထားခြင်းဖြစ်သည်။

 “ကျွန်တော်တို့ မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းမှာ အဓိကက ကျွန်းခရီးစဉ်တွေပဲ ရှိနေသေးလို့ ခရီးစဉ် အသစ် အနေနဲ့ ပြည်တွင်းနှင့် ပြည်ပ ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စား နိုင်မယ့် မြိတ်ကျွန်းစု တံငါးရွာလေးရဲ့ လူနေမှု Life Style လေးတွေကို ပြချင်လို့ ဒီကျောက္ကာ ရွားလေးကို စတင်ဖို့ စီစဉ်နေတယ်”ဟု Mergui Dolphin Travel & Tours မှ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

အဆိုပါ ခရီး အသစ်အား ယခုနှစ် ခရီးသွားရာသီ၌ စတင်ရန်ရှိပြီး ခရီးစဉ်တွင် လေးကျွန်း၊ သမီးလှကျွန်းနှင့် ကျောက္ကာကျေးရွာတို့ကို ထည့်သွင်းသွားရန်စီစဉ်နေကြောင်း  မြိတ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“ကျွန်တော်တို့ ရွာလေးက ရာသီအလိုက် တံငါလုပ်ငန်းကိုပဲ အများဆုံး လုပ်ကိုင်တဲ့ တံငါးရွာလေးပါ၊ တကယ် လို့ ဒီရွာကို ပြည်တွင်း ပြည်ပ ဧည့်သည်တွေကို လာရောက် လှည်ပတ်ဖို့ ရွေးချယ်မယ် ဆိုရင် စိတ်ဝင်စားမှု ရှိမှာပါ။ တံငါလုပ်ငန်းနဲ့ ပတ်သက်တဲ့ လေ့လာစရာတွေလည်း အများကြီးပါ။ ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာနိုင်တာမို့ ကြိုဆိုပါတယ်။ လုပ်ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” လို့ ကျောက္ကာကျေးရွာ မှ ဒေသခံ ဦးကြည်သန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required