ကထိန်ရာသီမှာ အလှူကြီးပေးတဲ့အိမ် တေးစီးရီးကို မိတ်ဆက်ခဲ့တဲ့ ရွှေယမင်းဦး

ကထိန်ရာသီမှာ အလှူကြီးပေးတဲ့အိမ် တေးစီးရီးကို မိတ်ဆက်ခဲ့တဲ့ ရွှေယမင်းဦး
ဓာတ်ပုံ-သက်ကို

ရန်ကုန် ၊အောက်တိုဘာ   ၉ ။             ။ မြန်မာသံစဉ်တေးသီချင်းတွေကိုသီဆိုနေတဲ့ တေးသံရှင် ရွှေယမင်းဦးက “အလှူကြီးပေးတဲ့အိမ် ” လို့ အမည် ပေးထားတဲ့ မြန်မာသံစဉ်တေးသီချင်း အယ်လ်ဘမ်ကို မိတ်ဆက် လိုက်ပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel မှာ တေးစီးရီး မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး ဒီတေးစီးရီးဟာ တေးသံရှင် ရွှေယမင်းဦးရဲ့ တတိယမြောက် တေးစီးရီးလည်း ဖြစ်ပါတယ်။ တေးစီးရီးထဲမှာ ခေတ်ဟောင်းက မြန်မာဂန္ထဝင်ဘာသာရေး တေးသီချင်းတွေကို အချိန် ၂ နှစ်နီးပါးလောက် ကြိုတင်စီစဉ်ပြီး  ပြန်လည်သီဆိုထား တာဖြစ်တယ်လို့ သိရပါတယ်။

"ဒီခေါင်းစဉ်လေးကိုပေးဖြစ်တာက ကျွန်မတို့နိုင်ငံကဗုဒ္ဓဘာသာနိုင်ငံကြီးဖြစ်တယ်။ ကျွန်မတို့နိုင်ငံကအလှူ အတန်းဆို အရမ်းရက်ရောတာ။ ကထိန်ရာသီဆိုရင်လည်းအလှူ သီချင်းတွေကအမြဲပါဝင်တဲ့အတွက် ဘာသာ သာသနာတေးပွဲတွေက ကျွန်မတို့နိုင်ငံမှာ အများဆုံး ဖြစ်တဲ့အတွက် ဒီအခွေလေးကို မိသားစုတွေ အားလုံး အလှူကြီးပေးနိုင်အောင် အလှူရေစက် လက်နဲ့မကွာ သာသနာပြုနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီခေါင်းစဉ် လေးကို ပေးဖြစ်လိုက်တာပါ။" လို့ တေးသံရှင် ရွှေယမင်းဦးက ဆိုပါတယ်။

ဒီတေးအယ်လ်ဘမ်ထဲမှာ မြန်မာဂန္ထဝင်ဘာသာရေး တေးသီချင်းတွေဖြစ်ကြတဲ့ အစိန္တေယျ။ ဇေယျာ ရွှေမြေ၊ အလှူကြီးပေးတဲ့အိမ်၊ သာသနာ့အမွေခံ၊ ဗောဓိပင်နဲ့ရွှေပလ္လင်၊ ဓမ္မစကြာ၊ အလှူ့တကာ့အလှူ၊ အလှူတော် အောင်ပွဲ၊ သီရိရတနာနဲ့ ရောင်တော်ဖွင့် သီချင်းတွေပါဝင်ပါတယ်။ တေးရေးတွေ အဖြစ် ရွှေတိုင်ညွန့်၊ နန်းတော် ရှေ့ ဆရာတင်တို့ အပါအဝင် ဂန္ထဝင်မြန်မာ့ဂီတတေးရေးဆရာကြီးများက ရေးသားထားပါတယ်။

"ဓမ္မသီချင်းတွေကိုပဲ ဆိုဖြစ်တာကတော့ မနက်မိုးလင်းတာနဲ့ ဓမ္မပူဇာတေးတွေ ဖွင့်လိုက်တာနဲ့မြန်မာလူမျိုး တွေရဲ့ရင်ထဲမှာ အင်မတန်ကျက်သရေရှိပြီးအေးချမ်းစေတယ်။ ဘုရားတရား အပေါ်မှာလည်း ကြည်ညို စိတ်တွေဖြစ်လာတယ်။ ကျွန်မကိုယ်တိုင်လည်း ပူဇော်သီဆိုချင်တဲ့အတွက် ဘာသာ သာသနာတေးတွေကို တမင်သီဆိုဖြစ်တာပါ။" လို့  တေးသံရှင် ရွှေယမင်းဦးက ဆက်ပြောပါတယ်။

တေးသံရှင် ရွှေယမင်းဦးရဲ့ “အလှူကြီးပေးတဲ့အိမ် ” တေးအယ်လ်ဘမ်ကို ဆိုင်းသီရိမောင်မောင်က တီးခတ် ထားပြီး ဂီတမှူး စန္ဒရားဘသန်းတင်က E.M.S မှာ အသံဖမ်းယူထားပါတယ်။

ယခုမိတ်ဆက်လိုက်တဲ့ “အလှူကြီးပေးတဲ့အိမ်” တေး အယ်လ်ဘမ်ကိုတော့ နိုဝင်ဘာလ ၉ ရက် နေ့ကစပြီး လှိုင်း တေးသံသွင်းကနေ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly