ဗဟိုချုပ်ကိုင်မှုလျော့ချရေးအတွက် တိုင်းအစိုးရများ၏ အခန်းကဏ္ဍများကို သုတေသနပြုမည်

ဗဟိုချုပ်ကိုင်မှုလျော့ချရေးအတွက် တိုင်းအစိုးရများ၏ အခန်းကဏ္ဍများကို သုတေသနပြုမည်

မုံရွာ၊ နိုဝင်ဘာ ၈ ။                ။ ဗဟိုချုပ်ကိုင်မှုလျော့ချရေးအတွက် တိုင်းအစိုးရများ၏ အခန်းကဏ္ဍများလေ့လာကာ  သုတေသနပြု၍ ပြည်သူများကို အသိပေးသွားမည်ဟု သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် စစ်ကိုင်းဒေသကြီး မုံရွာမြို့၊တိုင်းဒေသကြီးအစိုးရရုံး အစည်းအဝေးခန်းမတွင် ဗဟိုချုပ် ကိုင်မှု လျော့ချရေးဖြစ်စဉ်တွင်တိုင်းဒေသကြီးအစိုးရများ၏ အခန်းကဏ္ဍလေ့လာခြင်း ပဏာမဆွေးနွေးပွဲကိုပြုလုပ် ခဲ့သည်။

" ဒီလုပ်ငန်းစဉ်ကိုလည်း ကျွန်တော်တို့က သက်ဆိုင်ရာ တိုင်းဒေသကြီးတွေ၊ပြည်ထောင်စုအဆင့် အဖွဲ့စည်း တွေ လူပုဂ္ဂိုလ်တွေကနေပြီးတော့ ဒီလုပ်ငန်းစဉ်ကို သေသေချာချာကြေကြေလည်လည်နားလည်ပြီးတော့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်နိုင်ဖို့ ဘယ်နေရာမှာ လိုအပ်ချက်တွေရှိလဲ ဘာတွေ လိုအပ်ချက်တွေရှိနေလဲဆိုတာကို သိရှိဖို့လိုအပ်တယ်။" ဟု ပညာအင်စတီကျူ့ မှ ဒေါက်တာသိန်းသန်းဝင်းက ပြောသည်။

ဗဟိုချုပ်ကိုင်မှု လျော့ချရေးအတွက် လိုအပ်ချက်များအပါအဝင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ မျှော်မှန်းထားသော အာဏာခွဲဝေကျင့်သုံးမှုပုံစံများကို ဖော်ထုတ်ပြီး သုတေသနပြုကာ တွေ့ရှိချက်များကို သက် ဆိုင်ရာအစိုးရအဖွဲ့ဝင်များနှင့် ပြည်သူများထံ အသိပေးရေးအတွက် သုတေသနပညာရှင် (၅)ဦးက အဆိုပါ စီမံ ကိန်းကို လုပ်ဆောင်သွားမည်ဟု သိရသည်။

" ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဇယား၁ ဇယား၂ ဇယား၂က အရတိုင်းဒေသကြီးက ဥပဒေပြုခွင့် ရှိတယ်။ ကျွန်တော်တို့ အခုရေးနေတယ်။ပြဿနာက အဲ့မှာ စပြီးရင်ဆိုင်ရတာ ဥပဒေပြုခွင့်ပေးထားတယ်။ သို့သော် ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနဲ့ အညီဆိုတဲ့ ကိစ္စက တိုင်းမှာ ဥပဒေပြုတဲ့နေရာမှာ တိုင်းအစိုးရတွေကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝအပ်နှင်းဖို့ ကိစ္စတွေမှာ အများကြီး အခက်ခဲတွေကြုံရတယ်။"ဟု ကန့်ဘလူ မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဒေါက်တာကျော်သူဟန်ထွန်း က ဆိုသည်။

သုတေသနလုပ်ငန်းစဉ်များတွင် အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  မီဒီယာများ၏ အကြံပြုချက်၊ ဆွေးနွေးချက်များပါဝင်မည် ဖြစ်ပြီး ရရှိလာသည့်  ရလဒ်များအား  သုတေသနစာတမ်း ပြုစုသွားမည်လည်း ဖြစ်သည်။

ယင်းစီမံကိန်း၏ ပထမအဆင့်ကို ၂၀၁၈ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လ လုပ်ဆောင်နေပြီး ဒုတ်ိယအဆင့်ကို ၂၀၁၉ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၁ နှစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ယခုကဲ့သို့ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့် ပတ်သက်သော သုတေသန စီမံကိန်းများကို  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly