ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း သဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုး

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း သဘောတူညီချက်မူဘောင် လက်မှတ်ရေးထိုး
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၈ရက်၊ ၂၀၁၈ခုနှစ်)။     ။ ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး မူဘောင်သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ CITIC ကုမ္ပဏီတို့အကြား နေပြည်တော်တွင် ယနေ့ သဘောတူလက်မှတ် ရေးထိုးလိုက်သည်။

သဘောတူညီချက်မူဘောင်အရ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဖွဲ့စည်းထားသည့် မြန်မာဒေသခံ ကုမ္ပဏီ က လုပ်ငန်းဆောင်ရွက်ခွင့် ပုံစံဖြင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တည်ဆောက်လည်ပတ်ရမည်ဖြစ်ကာ အစု ရှယ်ယာပိုင်ဆိုင်မှုပုံစံမှာ တရုတ်ဘက်က ရဝရာခိုင်နှုန်းနှင့် မြန်မာဘက်က ၃၀ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာဘက်က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပထမဦးစွာ ပိုင်ဆိုင်မည် ဖြစ်သည်။

 “ကျောက်ဖြူအထူးစီးပွားရေးဇုန်ကနေ နေပြည်တော်၊ မန္တလေးကတဆင့် တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသအပြင် ရန်ကုန်ကတဆင့် East-West Econimic Corridor နဲ့ Southern Econimic Corridor တစ်လျှောက် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ကို ဖြတ်ပြီး အရှေ့ဘက် Pacific Ocean အထိ ချိတ်ဆက်နိုင်တဲ့ Connectivity ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖြစ်သော ဦးဆက်အောင်က နေပြည်တော်တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲတွင် ပြောကြားသည်။

 မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အဆင့် လေးဆင့် ခွဲခြား၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအဆင့်တွင် သင်္ဘောကျောက်ချရပ်နား စခန်း (ဆိပ်ခံတံတား) ၂ခု တည်ဆောက်ရန် လျာထားကြောင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်ကို အမေရိ ကန်ဒေါ်လာ ၁ဒဿမ ၃ ဘီလီယံထက် မကျော်လွန်ဘဲ အသုံးပြုရန် အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။

 စီမံကိန်းတည်ဆောက်ရာတွင် ပြည်သူလူထု၏ အကျိုးစီးပွားမြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အခြေခံမူ ၃ချက်ကို လိုက်နာစောင့်ထိန်းမည်ဖြစ်ကြောင်း CITIC ကုမ္ပဏီက ကတိပြုထားသည်။

 “စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လာတာနဲ့အညီ မြန်မာဒေသခံများကို တဖြည်းဖြည်းနဲ့ စီမံခန့်ခွဲမှုအလုပ်နရာ ခန့်အပ်ပေးမှာ ဖြစ်ပါတယ်။ စီမံကိန်း အကုန်လည်ပတ်ပြီး ၁ဝနှစ်အကြာမှာ အခြေအနေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု အလုပ်နေရာ ၉၀ ရာခိုင်နှုန်းလောက် ဒေသခံများကို ခန့်အပ်ပေးမှာ ဖြစ်ပါတယ်” ဟု CITIC ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ ကျန်ဇီမင်း က ပြောသည်။

 ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်အားလုံး လည်ပတ်နိုင်ချိန်တွင် ဒေသခံပြည်သူလူထုအတွက် အလုပ်နေရာ စုစုပေါင်း ၁သိန်းအထိ ခန့်အပ်ပေးနိုင်မည်ဟုလည်း ကုမ္ပဏီဘက်က ခန့်မှန်းထားသည်။

 ယခုသဘောလက်မှတ်ရေးထိုးသည့်မူဘောင်သည် ရေနက်ဆိပ်ကမ်းအတွက်သာ အကျုံးဝင်ပြီး နောက်ဆက်တွဲ အဖြစ် စက်မှုဇုန်စီမံကိန်းနှင့် အိမ်ရာစီမံကိန်းများကိုလည်း မူဘောင်သဘောတူညီမှုရရှိရန် ဆက်လက် ဆွေးနွေး သွားကြမည် ဖြစ်သည်။

 အဆိုပါ စီမံကိန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းကဲ့သို့ အကျိုးရှိလာမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် စီမံကိန်းအပေါ် စိတ်မပူကြရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးအောင်ထူးက မီဒီယာများကို ပြောသည်။

 “အဲ့ဒီနေရာက ဘာမှမသုံးတဲ့ နေရာကြီးပဲ။ ဘာမှမသုံးတဲ့နေရာတစ်ခုမှာ စက်မှုဇုန်တွေ ထူထောင်မယ်။ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်မယ်။ အိမ်ရာတွေ တည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့အတွက် ဘယ်နည်းနဲ့မဆို အကျိုးရှိလာမှာပဲ” ဟု ၎င်းက ဆိုသည်။

 လက်ရှိ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များကို ကျောက်ဖြူ အပါအဝင် သီလဝါနှင့် ထားဝယ်တို့၌ အကောင်အထည် ဖော်လျှက် ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly