တရုတ်-မြန်မာနယ်စပ်တွင် မိုင်ဂျာယန်ကောလိပ်ဖွင့်လှစ်

တရုတ်-မြန်မာနယ်စပ်တွင် မိုင်ဂျာယန်ကောလိပ်ဖွင့်လှစ်

ချင်းမိုင်၊ စက်တင်ဘာ ၂၅ ။ ။ တရုတ်- မြန်မာနယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်တွင် မိုင်ဂျာယန် ကောလိပ်ကို စက်တင်ဘာလ ၂၅ ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မိုင်ဂျာယန်ကောလိပ်ကို ကချင်ပညာရေးဖောင်ဒေးရှင်း (Kachin Education Foundation)မှ တာဝန်ယူပြီး ဒါရိုက်တာ ဇိန်ထုန်းကွမ်းရှောင် အခမ်းအနားမှူး ပြုလုပ်ခဲ့သည်။ ဘာသာရေးအရ ဆုတောင်းဝတ်ပြု၍ KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ဖဲကြိုးဖြတ် ဖွင့်လှစ်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဓိက ကချင်အမျိုးသားများ အဆင့်မြင့် ပညာရေးလုပ်ဆောင်ရန် မျော်မှန်းထားမှု ရည်ရွယ်ချက် ယခု လက်တွေ့ အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး ၂၁ ရာစု ပညာရေးစနစ် ပို့ချပေးနိုင်ရန် လူမှုအတိုင်း အဝိုင်းတွင် အသုံးချနိုင်သည့် ပညာရေး သင်ကြားပေးသွားမည်ဟု ပညာရေး ဌာန၏ ဒုဥက္ကဋ္ဌ ဆရာကြီး ခွန်နောင်က ပြောသည်။

“ကျနော်တို့က ဒီကနေအောင်သွားရင် လျှောက်နိုင်မယ့် ၂၁ ရာစု ပညာရေးပေါ့။ မြန်မာနိုင်ငံ ပညာရေးလို ဘယ်လောက်မှတ်မိသလဲ ဆိုတာမျိုး မဟုတ်ဘဲ။ ဘယ်လောက်နာလည်သလဲဆိုတာမျိုးပေါ့။ ပြောချင်တာက လူမှုအဖွဲ့အစည်းတွေမှာ ဆက်ကပ်နိုင်အောင်၊ အသုံးချနိုင်တဲ့ပညာရပ်ပေါ့”ဟု ဆရာကြီး ခွန်နောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါကောလိပ်တွင် နိုင်ငံရေး သိပ္ဗံ(Political scient)၊ လူမှုရေး(social study)၊ BSC Agricature၊ ဥပဒေ(lawyer development)၊ BE Cevil၊ အင်္ဂလိပ် (BA English)၊ ကချင်စာ (BA Study) စသည့် ဘာသာရပ်များကို သင်ကြားသွားပြီ ဖြစ်ပြီး ၄ နှစ်တွင် Bachelor's Degree ဘွဲ ပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

၎င်း မိုင်ဂျာယန်ကောလိပ်တွင် သင်ကြားပေးမည့် ဆရာ၊ ဆရာမများသည် ကချင်အမျိုးသားလူငယ်များမှ သက်ဆိုင်ရာ ဘာသာရပ်များကို တတ်မြောက်သူများ လာရောက် သင်ကြားပေးမည် ဖြစ်သလို၊ နိုင်ငံတကာမှ အချိန်ပိုင်း လာရောက် သင်ကြားပေးမည့် ပညာရှင်များအား ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပညာတတ် များပြားလာပါက နိုင်ငံငြိမ်းချမ်းရေးတွင်လည်း အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆရာကြီး ခွန်နောင်က ဆက်လက် ပြောဆိုသည်။

“ကျနော်မြန်မာနိုင်ငံရဲ့ ပညာရေးကို သုံးသပ်လိုက်လို့ရှိရင် ကျနော်တို့ ပြည်သူလူထုတွေပဲ ပညာ မတတ်ကြဘူး။ ဒါကြောင့် အုပ်ချုပ်တဲ့ လူတွေလည်း တတ်လား၊ မတတ်တာလား မပြောတတ်ဘူး။ ဒါပေမဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ ကိုယ့်ကိုကို မယုံကြည်ကြဘူး။ self confident မရှိကြဘူးပေါ့။ တိုင်းရင်းသားတွေသာမက မြန်မာပြည်သူပြည်သား အားလုံး ပညာတတ်တွေ ကြီးဘဲ ဖြစ်သွားလို့ ရှိရင်တော့ self confident ရှိပြီးတော့မှ နိုင်ငံတော် ငြိမ်းချမ်းသာယာရေးကိုလည်း လွယ်လင့်တကူ တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်”ဟု သူက ပြောသည်။

မိုင်ဂျာယန်ရှိ ဟိုတယ်ဟောင်းကို ပြန်လည် ပြုပြင်၍ ဖွင့်လှစ်ခြင်းဖြစ်ကာ လာမည့် အောက်တိုဘာလ ၅ ရက်တွင် စတင် စာသင်တော့မည် ဖြစ်ကြောင်း သိရသည်။ ကျောင်းသူကျောင်းသား စာရင်းများ လက်ခံ နေပြီး လက်ရှိ ကျောင်းသူကျောင်းသားပေါင်း ၂၂ ဦး လက်ခံရရှိထားပြီး ဖြစ်ကြောင်း KIO ပညာရေးဌာနမှ အထွေထွေအတွင်းရေးမှုး အရပ်ဘက်အရာရှိ ဦးယော်ဆောင်းက ပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း ၁၀ တန်းအောင်မြင်၍ မြန်မာအစိုးရ တက္ကသိုလ်သို့ သွားရောက် သင်ယူနိုင်ခြင်း မရှိသော ကျောင်းသူကျောင်းသားပေါင်း ၃၉၀ ခန့် ရှိနေသည်ဟု သူက ပြောသည်။

KIO မှ ၁၀ တန်းအောင်ကျောင်းသူကျောင်းသားများက အစိုးရ တက္ကသိုလ်များသို့ တက်ရောက်ခွင့် မရသဖြင့် ၁၀ တန်းအောင်ကျောင်းသားများ ပိုမိုများပြားလာသဖြင့် မိုင်ဂျာယန် ကောလိပ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဦးယော်ဆောင်းက ပြောသည်။

“ကေအိုင်အိုက ၁၀ တန်းအောင်တဲ့ ကျောင်းသားတွေက တစ်နှစ်ပြီးတစ်နှစ် ပိုပိုများလာတယ်။ အစိုးရ တက္ကသိုလ်လည်း မတက်နိုင်၊ နိုင်ငံခြားသွားဖို့ကလည်း မတတ်နိုင်ဘူးဆိုတော့ သူတို့အတွက် ဖွင့်လှစ်ပေးတာ ဖြစ်တယ်”ဟု သူက ပြောသည်။

၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် KIO ထိန်းချုပ်နယ်မြေမှ ၁၀ တန်းကျောင်းသားများကို မြန်မာအစိုးရ ကျောင်းများသို့ တက်ရောက်၍ စာမေးပွဲ ဖြေဆိုခွင့် ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ် အစိုးရနှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသဖြင့် ထိုအခွင့်အရေးများ မရတော့ပေ။

KIO ကျောင်းမျာမှ ၁၀ တန်းအောင် ကျောင်းသူကျောင်းသားများ၊ မြန်မာ အစိုးရကျောင်းများမှ ၁၀ တန်းအောင် ကျောင်းသူကျောင်းသားများ မိုင်ဂျာယန်ကောလိပ်သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ KIO သည် လက်ရှိ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်ရေး ဆွေးနွေးမှုတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly