ကယားဝန်ကြီးချုပ် မယ်စဲ့မြို့တွင် မြေသိမ်းဟုစွပ်စွဲခံနေရ

By ထိုက်နန္ဒာဝင်း/Myanmar Now
08 November 2018
ကယားဝန်ကြီးချုပ် မယ်စဲ့မြို့တွင် မြေသိမ်းဟုစွပ်စွဲခံနေရ
 မယ်စဲ့မြို့ အငြင်းပွားဖွယ် မြေကွက်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၈ ရက်နေ့ကရန်ကုန်တွင် သတင်းသမားတို့ကိုရှင်းပြနေသော လွိုင်ကော်ကက်သလစ်သာသနာ၏ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းနှင့် ဒေသခံနှစ်ဦး (ဓာတ်ပုံ - ထိုက်နန္ဒာဝင်း/Myanmar Now)

ကယားဝန်ကြီးချုပ်မြေသိမ်းကြောင်းစွပ်စွဲခံနေရသော်လည်းမေလအတွင်းဌာနဆိုင်ရာပေးစာတစ်စောင်တွင်မူ“မတရားသိမ်းပိုက် ထားခြင်းမရှိ” ဟုရေးထားသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် သူ၏မဲဆန္ဒနယ် မယ်စဲ့မြို့နယ်တွင် ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး သာသနာ့မြေများကို သိမ်းယူနေသည်ဟုဒေသတွင်းကက်သလစ် သာသနာပြုအဖွဲ့တစ်ဖွဲ့ကနိုဝင်ဘာ ၈ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

၃၉ နှစ် အရွယ် ဝန်ကြီးချုပ်သည် ၂ဝ၁၅ ရွေးကောက်ပွဲအပြီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး၂ နှစ် အကြာတွင် မြေကွက်တစ်ခုအတွက်ဂရန်ရရှိရန်လုပ်ဆောင်ခဲ့ပြီးသူ၏ခြံမြေအဖြစ် အမည်ဖောက်ခဲ့ကြောင်း၊ အဆိုပါမြေကွက်ရှိ ဧကဝက်ခန့်တွင် သာသနာ့မြေတစ်စိတ်တစ်ပိုင်းပါဝင်နေကြောင်း မယ်စဲ့တိုက်နယ်၊ လွိုင်ကော်ကတ်သလစ် သာသနာ၏ ကျောင်းထိုင် ဘုန်းတော်ကြီးရစ်ချက်သူရထွန်းကပြောသည်။

“ ဥပဒေကို ကျွန်တော်တို့သေချာမသိပေမယ့် အာဏာကိုအသုံးပြုပြီးတော့ လုပ်တာတော့ မတရားဘူးလို့ ခံစားရပါတယ်။ အများပိုင်သာသနာ့နယ်မြေဖြစ်လို့ မြေတန်ဖိုးဆိုတာထက် လူထုရွေးထားတဲ့ ဝန်ကြီးချုပ်ကနယ်စွန်နယ်ဖျားက ပြည်သူတွေကိုအာဏာပြပြီးမတရားအနိုင်ကျင့်တာ”ဟုရန်ကုန်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်းဘုန်းတော်ကြီးကပြောသည်။

ကယားပြည်နယ်၏အရှေ ့တောင်ဘက် မြန်မာ - ထိုင်းနယ်စပ် မယ်စဲ့မြို ့ရှိအဆိုပါ အငြင်းပွားနေသည့် မြေနေရာကိုဝန်ကြီးချုပ် မဖြစ်မီမယ်စဲ့မြို ့နယ် လက်ထောက်ပညာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂ဝ၁၄ ကတည်းကကန့်ကွက်မှုများကြားမှသူကိုယ်ပိုင်နေရာအဖြစ် ခြံခတ်ခဲ့သည်ဟုလည်း ကတ်သလစ်သာသနာပြုအဖွဲ့က စွပ်စွဲခဲ့သည်။

လွိုင်ကော်ဒေသခံတချို့ ထုတ်ပြန်သည့် အငြင်းပွားဖွယ် မြေကွက်ပါ မြေပုံ

၁၄ ဧကကျယ်ဝန်းပြီး ၁၉၉၄ ကတည်းကသာသနာ့မြေအဖြစ် သတ်မှတ်ထားသည့် အဆိုပါမြေနေရာကို ဝန်ကြီးချုပ်ယူသည့်အတွက်ကြောင့် ကန့်ကွက်နေခြင်းမဟုတ်ကြောင်း၊ လမ်းမနှင့် မျက်နှာစာကိုဂရန်ဖောက်ယူခဲ့ခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ ခြံ၏နောက်ဘက်ခြမ်းကို ယူမည်ဆိုပါက လက်ခံပေးမည်ဖြစ်ကြောင်း သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါ်တရေးဇာဝင်းက ပြောသည်။

 “သူ(ဝန်ကြီးချုပ်)က ဘာကြောင့်သာသနာ့မြေကိုလိုချင်တာလဲမသိဘူး။ ကျောင်းရဲ ့မျက်နှာစာ အထွက်လမ်းဘက်ကို ယူထားလို့ ကန့်ကွက်တာ။အနောက်ဘက်ကိုယူချင်ရင် အဲဒီလောက်မကန့်ကွက်ဘူး။ အားလုံးသဘောတူရင်အလကားပေးမှာပါ” ဟု ၄င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိများ၊အာဏာရ NLD ပါတီတို့ကို တိုင်ကြားခဲ့သော်လည်း အကြောင်းမထူးကြောင်းလည်း ဘုန်းတော်ကြီးရစ်ချက်သူရထွန်းက ပြောသည်။
Myanmar Now ကဖတ်ရှုခွင့်ရခဲ့သည့် မယ်စဲ့မြို ့နယ် အုပ်ချုပ်ရေးမှုးက ကယားပြည်နယ်အုပ်ချုပ်ရေးမှုးထံ ယခုနှစ် မေလအတွင်းကပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် ဝန်ကြီးချုပ်သည် “မတရားသိမ်းပိုက် ထားခြင်းမရှိ” ဟုရေးသားထားသည်။

ဝန်ကြီးချုပ်သည် ယခုနှစ် အောက်တိုဘာ ၁ဝတွင် မယ်စဲ့ ကတ်သလစ် ဘုန်းတော်ကြီးကျောင်းသို့  ရောက်ရှိလာခဲ့ပြီးပိုင်ဆိုင်မှု အငြင်းပွားရာနေရာကို ပြန်မပေးနိုင်ဟုပြောခဲ့ကြောင်းဘုန်းတော်ကြီး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂရန်ပေါက်ပြီမို့ ပြန်မပေးနိုင်ဘူးလို့ ဝန်ကြီးချုပ်ကပြောတယ်” ဟုဘုန်းတော်ကြီးကဆိုသည်။
ဝန်ကြီးချုပ် အပေါ် စွပ်စွံခံရမှုကိုဝန်ကြီးချုပ်ရုံးနှင့် ကယားပြည်နယ်အစိုးရရုံးသို့ ဖုန်းဖြင့် ၃ ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရန် မအားလပ်သေးကြောင်းသာတုန့်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly