စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရန် အချိန်ယူရဦးမည် ဟုဆို

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရန် အချိန်ယူရဦးမည် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၈ ။             ။ လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေအရ စတုတ္ထအကြိမ်မြောက်၂၁ ရာစုပင်လုံညီလာခံကိုပြုလုပ်ဖို့ အချိန် ယူရဦးမှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

 
“၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအပစ်အခတ်ရပ်စဲရေးဒေသတွေထဲက လူမှုအသိုင်းအဝန်း တွေရဲ့ အသံများ ” အမည်ဖြင့် အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၈ရက်က ပတ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တချို့နဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေတက်ရောက် ခဲ့ကြပါတယ်။

 
“ငြိမ်းချမ်းရေးညီလာခံကရည်မှန်းထားတာတော့ ရှိတာပေါ့။ ၆လတစ်ကြိမ်ကျင်းပမယ်ဆိုပြီးတော့ ရည်မှန်း ထားတယ်ဆိုပေမယ့်လည်း ရည်မှန်းထားတဲ့အတိုင်း တစ်ခါတလေကျရင် ဖြစ်ချင်မှဖြစ်တာကိုး။ ဆိုတော့ နှစ်ပိုင်းရှိတာပေါ့နော်။ ငြိမ်းချမ်းရေးညီလာခံကျင်းပတယ်ဆိုတာ ပုံမှန်အားဖြင့်ကျင်းပရတာရှိသလို ရလာဒ် ဖော်ထုတ်နိုင်ဖို့အရေးကြီးတာကို အဲ့အတွက် အချိန်ယူပြီးဆောင်ရွက်ရမယ်။ ပြင်ဆင်ပြီး ဆောင်ရွက်ရမယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်မျိုးဝင်းကဆိုသည်။

 တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) အရ ၂၁ ရာစုပင်လုံညီလာခံကို ၆ လတစ်ကြိမ်ကျင်းပရန် အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့အစိုးရ၊ တပ်မတော်တို့သဘောတူထားခဲ့ကြပြီး တတိယအကြိမ်မြောက် ၂၁ ပင်လုံညီလာခံကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပြုလုပ်ခဲ့ပါတယ်။အဆိုပါညီလာခံဟာ ဒီဇင်ဘာလထဲမှာ ၆ လပြည့် မှာလည်း ဖြစ်ပါတယ်။

 “လက်ရှိအချိန်မှာတော့ ကျင်းပဖို့အားနည်းပါတယ်။ ကျင်းပမယ်ဆိုရင် ပုံမှန်အားဖြင့် UPDJC အစည်း အဝေးမှာပြန်ဆွေးနွေးပြီးတော့ နိုင်ငံရေးမူဘောင်တွေ ဘာတွေဆွေးနွေးမယ်ဆိုတာပြီးမှ သဘောတူညီချက် ယူပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသွားမှာကို။ အဲ့လိုလုပ်ဖို့အတွက် အချိန်အရမ်း နည်းနေတဲ့ အတွက် ၁ လကျော်ပဲကျန်တော့တာကိုး။ အချိန်အရမ်းနည်းနေတဲ့အတွက် ဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

 လက်ရှိအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရပ်ထားသောကြောင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များ၏ အစည်းအဝေး (PPST) ကိုလည်းနောက်ဆုတ်ထားရပါတယ်။ ထို့ကြောင့် PPST အဖွဲ့ဝင်တွေနဲ့ငြိမ်းချမ်းရေးကော်မရှင်တို့ဆွေးနွေးဖို့ ဒါ့အပြင် UPDJC အစည်းအဝေး ထိုင်ဖို့ တွေကိုလည်း နောက်ဆုတ်ထားရတယ်လို့ ဦးမောင်မောင်စိုးကပြောပါတယ်။

 “ဒါတွအားလုံးကလည်းနောက်ဆုတ်နေတဲ့အတွက်မို့လို့ ညီလာခံရက်တော့ ကျွန်တော်ထင်တယ်။ နည်းနည်း နောက်ဆုတ်နိုင်ပါတယ်။ ရက်နည်းနည်းနောက်ဆုတ်တာအရေးမကြီးပါဘူး။ တကယ်တန်းသဘောတူညီချက် တွေရနိုင်ဖို့ အခက်အခဲ၊ အကြပ်အတည်းတွေ ကျော်လွှားနိုင်ဖို့ပဲအရေးကြီးပါတယ် “ လို့ သူကဆက်ပြော ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြုတပ်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က လက်မှတ်ရေးထိုး ထားကြ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly