ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံရသူများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဆောင်ရွက်မည်ဟုဆို

ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံရသူများ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရန် ဆောင်ရွက်မည်ဟုဆို
(ဓါတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ နိုဝင်ဘာ ၈ ။             ။ ပလိပ်မြို့၊ပန်ဒါချည်မျှင်နှင့်အထည်စက်ရုံမှ အလုပ်ထုတ်ခံထားရသည့် လုပ်သား ၂ဝဝဦးကျော် အလုပ်ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်သွားမည်ဟု စဉ့်ကိုင်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က မဇ္ဈိမကိုပြောသည်။

"အလုပ်သမားတွေ တောင်းဆိုထားတာတော့အများကြီးရှိတယ်လေ။အများကြီးထဲကနေပြီးတော့ ကျွန်တော်တို့ လုပ်ပေးနိုင်တာ အရေးကြီးဆုံးအနေနဲ့ လုပ်ပေးနိုင်တာကတော့ လုပ်ပေးချင်တာကတော့ လုပ်ပေးရမယ့် ဟာက တော့ လုပ်ငန်းခွင်ထဲ ပြန်ရောက်ရေးပဲ။ဒါကို ဦးစားပေးလုပ်မယ်။ကျန်တဲ့ဟာတွေကိုတော့ ဒုတိယ၊ တတိယ အနေနဲ့ ဆက်လုပ်သွားမယ်။ဝန်ကြီးချုပ်နဲ့လည်း တွေ့ထားတယ်။ ဒီကိစ္စပြေလည်ရာ ပြေလည်ကြောင်း ကျွန်တော်တို့အနေနဲ့ တောင်းဆိုဖို့ ပြင်ဆင်ထားတယ်။" ဟု ဦးလှိုင်ဝင်းကပြောသည်။

အလုပ်ထုတ်ခံရသည့် အလုပ်သမားများသည် နိုဝင်ဘာလ ၈ ရက်၊နံနက်ပိုင်းမှ စတင်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးရှေ့တွင် ထိုင်သပိတ်ဖွင့်လှစ်တောင်းဆိုရန် ချီတက်လာပြီး ပလိပ်နယ်မြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တား ဆီးရန် ပြင်ဆင်မှုများလည်းရှိခဲ့သည်။ လက်ရှိတွင် အလုပ်သမားခေါင်းဆောင် ၃ ဦးကို ပုလိပ်နယ်မြေရဲစခန်းက ဖမ်းဆီးထားသောကြောင့် ၎င်းရဲစခန်းရှေ့တွင် ထိုင်သပိတ်ပြုလုပ်၍ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး အတွက် တောင်းဆိုလျှက်ရှိသည်။

"အလုပ်ထုတ်ခံထားရတဲ့ ဝန်ထမ်းတွေ အလုပ်ခွင် ပြန်လည်ဝင်ရောက်ရေးအတွက် တောင်းဆိုနေခြင်းဖြစ်တယ်။ အလုပ်သမား ၂၀၃ဦးကို အလုပ်ရှင်က အလုပ်ထုတ်ထားတယ်။ဘာပြစ်ဒဏ်မှမရှိပဲ အလုပ်ထုတ်ထားတယ်။ ဒါကြောင့် အစိုးရအဖွဲ့ရုံးကို ချီတက်တာမှာ အခုလို ဖမ်းဆီးတားဆီး ခံရတာပဲ။"ဟု အလုပ်ထုတ်ခံထားရသည့် စက်ရုံစုမှူး ဒေါ်ဇာခြည်ဝင်းကပြောသည်။

အမှတ်(၂)ပလိပ် ချည်မျှင်နှင့်အချောထည်စက်ရုံကို ၂၀၁၃ခုနှစ်မှစတင်၍ ပန်ဒါကုမ္ပဏီက နိုင်ငံ့ဝန်ထမ်းများပါ လွှဲပြောင်းရယူခဲ့ပြီး ယခုအခါတွင် ၎င်းနိုင်ငံ့ဝန်ထမ်းများကို အလုပ်ရှင်၊အလုပ်သမား စာချုပ် မချုပ်ဆိုခဲ့ခြင်း ကြောင့်ဟု ဆိုကာ အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ထိုသို့ အလုပ်ထုတ်ခဲ့ခြင်းအတွက် အလုပ်ပြန်လည်ရရှိစေရန် အလုပ်သမားများက တောင်းဆိုနေခြင်းဖြစ်သည်။

လက်ရှိတွင် အလုပ်ထုတ်ခံထားရသူများသည် ပလိပ်နယ်မြေရဲစခန်းရှေ့တွင် ထိုင်သပိတ်ပြုလုပ် တောင်းဆို မှုများ ဆက်လက်လုပ်ကိုင်နေပြီး ဖမ်းဆီးခံထားရသူ ၃ ဦးပြန်လွှတ်ပေးရန်နှင့်ပြေလည်အောင် ညှိုနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly