မင်းဘူး ကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို အဆိုပြိုင်ပွဲများဖြင့် ကျင်းပမည်

မင်းဘူး ကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို အဆိုပြိုင်ပွဲများဖြင့် ကျင်းပမည်

မင်းဘူး၊ နိုဝင်ဘာ ၈ ။           ။ မင်းဘူးမြို့၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကို နိဝင်ဘာလ ၂၀ ရက်နေ့မှ နိဝင်ဘာ ၂၃ရက်နေ့အထိ စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

“ဒါ ပထမဆုံးအကြိမ် ကျင်းပတာပါ။ ကထိန်ကတော့ မြို့ကျက်သရေဆောင် ရှင်ပင်စက္ကိန်းတဲ စေတီဘုရားမှာ ခင်းပါမယ်၊ တန်ဆောင်တိုင်ပွဲတော်ကတော့ ဗိုလ်ချုပ်ပန်းခြံမှာ LEDမီးအလှဆင်ပြီး Myanmar Idol Season မှ Winnerဖြိုးမြတ်အောင်နဲ့ အဆိုတော်များ အကပဒေသာများအပါအဝင် အဆိုပြိုင်ပွဲကို ၃ရက်တိတိ ကျင်းပမှာ ဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးကပြောသည်။

စုပေါင်းမဟာဘုံကထိန် ပွဲတော်အတွက် ဌာနဆိုင်ရာများ/ရပ်ကွက် ပဒေသာပင်များအား နိဝင်ဘာ ၂ဝရက်နေ့ တွင် ဗိုလ်ချုပ်ပန်းခြံ၌ တစ်ညတာအပူဇော်ခံမည့်ဖြစ်ပြီး နိဝင်ဘာ ၂၁ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ပဒေသာ ပင်များကို ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှ (မင်းဘူး-စကု) ကားလမ်းအတိုင်း ရှင်ပင်စက္ကိန်းတဲစေတီဘုရားသို့ သယ် ဆာင်လှည့်လည်ကာ ရှင်ပင်စက္ကိန်းတဲဓမ္မာရုံတွင် ရေစက်ချ တရားနာမည်ဖြစ်သည်။ထိုနေ့ နံနက်(၉)နာရီမှ မွန်းလွှဲ(၁)နာရီအထိ ရှင်ပင်စက္ကိန်းတဲစေတီတွင် စတုဒီတာများဖြင့် ကျွေးမွေးဧည့်ခံမည့်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တန်ဆောင်တိုင်ပွဲတော်တွင် LED မီးပန်းများဖြင့် အလှဆင်ပြသခြင်းကို ဗိုလ်ချုပ်ကြေးရုပ် ရင်ပြင် မြောက်ဘက် ပန်းခြံအတွင်း (လက်ဝဲဘက်) နှင့် အဝင်ဝတို့တွင် နိုဝင်ဘာ၅ရက်နေ့ ကတည်းက ပြင်ဆင် တပ်ဆင်ပေးထားပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိင်ကြောင်း သိရသည်။

တန်ဆောင်တိုင်ဖျော်ဖြေရေးအစီအစဉ် ပထမညအဖြစ် နိဝင်ဘာ ၂ဝရက်နေ့ ညတွင်Myanmar Idol Season 3 မှ Winner ဖြစ်သော ဖြိုးမြတ်အောင်နှင့် အဆိုတော်များအကပဒေသာများနှင့် အဆိုပြိုင်ပွဲဝင်Top Ten (၁၀) ဦး၏ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခြင်း၊ နိဝင်ဘာ ၂၁ရက်နေ့ ဒုတိယညတွင် မြန်မာပြည်သိန်းတန်၏ တစ်ကိုယ်တော် ဖျော်ဖြေမှု၊ အလင်္ကာဝတ်ရည်"တေးဂီတအဖွဲ့နှင့်နိုင်ငံကျော်အဆိုတော်များ၏ဖျော်ဖြေမှု ၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၏ အကပဒေသာတင်ဆက်မှုများနှင့် သီချင်းဆိုပြိုင်ပွဲ၊ Top Five(၅) ဦး၏ ပါဝင် ယှဉ်ပြိုင်ဖျော်ဖြေခြင်း၊ နိဝင်ဘာ ၂၂ရက်နေ့တတိယညတွင် နိုင်ငံကျော်တေးသံရှင် စိုးစန္ဒာထွန်း၊ ဗညားဟန် အပါအဝင် အဆိုတော်များ၏ဖျော်ဖြေတင်ဆက်မှုနှင့် အကပဒေသာများ အငြိမ့်အစီအစဉ်များနှင့် သီချင်းဆို ပြိုင်ပွဲ Grand Final (၃) ဦး၏ယှဉ်ပြိုင်ဖျော်ဖြေမှုတို့ကို ကျင်းပမည်ဖြစ်သည်။

မင်းဘူးတန်ဆောင်တိုင်ပွဲတော် အဆိုပြိုင်ပွဲ၌ Winner ဆုရရှိသူကို ဆုကြေးငွေ ကျပ်တစ်သန်း တိတိ ချီးမြှင့် မည်ဖြစ်ပြီး ညစဉ် ညတိုင်း သီချင်းဆိုပြိုင်ပွဲ အကဲဖြတ်ဒိုင်များအဖြစ် တေးရေး - မင်းချစ်သူ / တေးရေး - ကျောင်းတော်ရာ သိန်းဝင်း နှင့်အဖွဲ့မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် အဆိုဝါသနာရှင်များအနေဖြင့် နိဝင်ဘာ ၁၃ရက်မှ နိဝင်ဘာ ၁၅ရက်နေ့အထိ အသံစစ်ဆေးရွေးချယ်ကာ အကောင်းဆုံးအယောက်(၂၀)ကိုရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါအယောက်(၂၀)တွင် ပါဝင်သူများသာ အဆိုပြိုင်ပွဲတွင် ဝင်ရောက်သီဆိုယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly