ပြိုင်ပွဲတွင် "အမဲလိုက်အက" သီချင်း ရွေးချယ်ဖြစ်ပုံကို အောင်လအန်ဆန် ထုတ်ဖော်ပြောဆို

ပြိုင်ပွဲတွင် "အမဲလိုက်အက" သီချင်း ရွေးချယ်ဖြစ်ပုံကို အောင်လအန်ဆန် ထုတ်ဖော်ပြောဆို

နိုဝင်ဘာလ ၈ ။           ။ ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်က ၎င်း၏ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းအနေဖြင့် " အမဲလိုက်အက သီချင်း "ရွေးချယ်ရခြင်းမှာ မြန်မာပရိသတ်များ အလွန်နှစ်သက်သော သီချင်းဖြစ်သောကြောင့်ဟု ပြောဆိုသည်။

“ကိုလေးဖြူဆိုတာက မြန်မာနိုင်ငံမှာ ရော့ခ်ဂီတဆရာတစ်ဆူပါ။ သူ့ရဲ့ သီချင်းတွေကို လူတွေက သိပ်နှစ်သက်ကြတာတွေ့ရတယ်။ ဒီသီချင်းကို ကျွန်တော့်ရဲ့ ကြိုးဝိုင်းထဲဝင်မယ့်သီချင်းအဖြစ်ရွေးဖြစ်တာက သိပ်တော့ မထူးဆန်းပါဘူး။ ပရိသတ်တွေက ဒီသီချင်းရဲ့ စာသားနဲ့ တီးလုံးတိုင်းကို အလွတ်ရကြတယ်။ သူတို့တွေ Chorus ကို လိုက်ဆိုကြတဲ့အချိန်ဆို သိပ်ကိုသဘောကျမိတယ်။” ဟု အောင်လအန်ဆန်က ဆိုသည်။

 
ပြီးခဲ့သော သောကြာ၊ အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲ၏ အဓိကပွဲစဉ်အဖြစ် လက်ဘနွန်နိုင်ငံသား စိန်ခေါ်သူ Mohammad Karaki နှင့် ရင်ဆိုင်၍ ဒုတိယအကြိမ်မြောက် မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်ရသောပွဲတွင် အောင်လအန်ဆန်သည် ၎င်းသီချင်းဖြင့်ပင် ကြိုးဝိုင်းတွင်းသို့ ဝင်ရောက်ခဲ့သည်။

 အောင်လအန်ဆန်က “ကြိုးဝိုင်းထဲကို ကျွန်တော် ဝင်ရောက်ရတဲ့ မြင်ကွင်းကို တွေးမိတိုင်း ကျွန်တော် ကြက်သီးထမိပါတယ်။ ဘာကြောင့်လဲဆိုရင် သီချင်းသံက ကျယ်လောင်ပေမယ့် သိပ်ကို ကောင်းလို့ပါ။ ပွဲရုံကြီးထဲက ပရိသတ်တိုင်းရဲ့ အားပေးမှုကို ကျွန်တော်ခံစားလို့ရပါတယ်။” ဟု ဆက်လက်ပြောသည်။

 
အောင်လအန်ဆန်သည် ပြိုင်ဘက် Karaki ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် လျင်မြန်စွာအနိုင်ယူကာ ၎င်း၏ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်ထားနိုင်ခဲ့သည်။

၅ ပွဲဆက်တိုက်အနိုင်ရယူထားသော အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် ရှေ့ဆက်ထိုးသတ်မည့်ပွဲများတွင်လည်း ‘အမဲလိုက်အက’ သီချင်းဖြင့်ပင် ကြိုးဝိုင်းအတွင်း ဆက်လက်ဝင်ရောက်သွားဦးမည်ဖြစ်သည်။

“ကျွန်တော် ဒီသီချင်းကိုပဲ သုံးလာတာ ၂ နှစ်လောက်ရှိပါပြီ။ ဒီသီချင်းက ကျွန်တော့်အတွက် လာဘ်ကောင်လေးလို့တောင် ပြောလို့ရပါတယ်။ ဒီသီချင်းကိုပဲ အတော်ကြာကြာသုံးသွားဖို့ စဉ်းစားထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြသဖို့အတွက် အကောင်းဆုံးအခွင့်အရေးတွေထဲက တစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာ အခိုင်အမာရှိနေတဲ့ ဂီတပုံစံကိုလည်း ပြသနေတာဖြစ်ပါတယ်။” ဟု အောင်လအန်ဆန်က ထပ်မံပြောသည်။

 

ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်က ၂၀၁၆ အောက်တိုဘာလတွင်းက ကျင်းပသောပြိုင်ပွဲ၌ ပြိုင်ဘက် Michal Pasternak ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သောပွဲကတည်းက စတင်၍ Iron Cross တီးဝိုင်းနှင့် လက်တွဲကာ မြန်မာရော့ခ်အဆိုတော် လေးဖြူ၏ အမဲလိုက်အက သီချင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ သီချင်းသည် ကြိုးဝိုင်းအတွင်းရှိ ပြိုင်ပွဲ၏ ရလဒ်အပေါ် သက်ရောက်ခြင်းမရှိသော်လည်း ကြိုးဝိုင်းတွင်းဝင်ရောက်သည့် သီချင်းရွေးချယ်မှုသည် ကစားသမားတစ်ဦးချင်းစီ၏ သဘောသဘာဝကို ဖော်ပြနေခြင်းဖြစ်သည်ဟု One Championship မှ သိရသည်။

အမဲလိုက်အကသီချင်းသည် လေးဖြူ၏ ၂၀၁၀ ခုနှစ်တွင်းက ထွက်ရှိထားသော ‘လိပ်ပြာ’ တေးစီးရီးအတွင်းမှ သီချင်းတစ်ပုဒ်ဖြစ်ကာ Iron Cross ၏ ၂၀၁၆ ခုနှစ်တွင် ထွက်ရှိထားသော နှစ် ၂၀ မြောက်ထုတ်လုပ်သော တေးစီးရီးတွင်လည်း ပါဝင်ထားသည်။

အမဲလိုက်အကသီချင်းသည် လေးဖြူ၏ ၂၀၀၀ ခုနှစ်တွင်းက ထွက်ရှိထားသော ‘လိပ်ပြာ’ တေးစီးရီးအတွင်းမှ သီချင်းတစ်ပုဒ်ဖြစ်ကာ Iron Cross ၏ ၂၀၁၆ တွင် ထွက်ရှိထားသော နှစ် ၂၀ မြောက် ထုတ်လုပ်သော တေးစီးရီးတွင်လည်း ပါဝင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly