သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ရာထူးက ဖယ်ရှား

သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကို ရာထူးက ဖယ်ရှား

၀ါရှင်တန်၊ နိုဝင်ဘာ ၈ ။           ။ အိမ်ဖြူတော်ရဲ့ မေတ္တာရပ်ခံချက်နဲ့ အမေရိကန်ရှေ့နေချုပ်ရာထူးကနေ ဂျက်ဖ်ဆက်ရှင်ကို ထုတ်ပယ်ဖယ်ရှားလိုက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၇ ရက်မှာ ကြေညာသွားပါတယ်။

 ကျွန်တော်တို့အနေနဲ့ တရားရေးဌာနရဲ့ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ရဲ့ ရုံးအဖွဲ့အကြီးအကဲ မက်သရူးဂျီဝှစ်တာကာကို ရှေ့နေချုပ် ရာထူးမှာ ယာယီခန့်အပ်ရတာအတွက် ကျေနပ်မိပါတယ်။ သူဟာ နိုင်ငံတာဝန်ကို ကောင်းစွာ ကျေပွန်မယ့် သူဖြစ်လာမှာပါ။”လို့ ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။

 “ရှေ့နေချုပ် ဂျက်ဆက်ရှင်ကိုလည်း တာဝန်ထမ်းဆောင်ခဲ့တာအတွက် ကျေးဇူးတင်ပြီး ဆုမွန်ကောင်းလည်း တောင်းပေးလိုက်ပါတယ်။ ရှေ့နေချုပ်ရာထူး အမြဲတမ်း ခန့်အပ်မှုကို မကြာခင်မှာပဲ ကြေညာပါ့မယ်။”လို့ ထရမ့် ဖြည့်စွက်ရေးသားပါတယ်။

 အလာဘားမားလွှတ်တော်အမတ်ဟောင်းလည်း ဖြစ်တဲ့ ဂျက်ဖ်ဆက်ရှင်ဟာ သူ့ရဲ့ နုတ်ထွက်ကြောင်းစာကို သမ္မတထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး စာပေးပို့တဲ့ နေ့စွဲမဖော်ပြဘဲ အိမ်ဖြူတော်က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

 “ခင်ဗျားတို့ရဲ့ မေတ္တာရပ်ခံ တိုက်တွန်းချက်အတိုင်း ကျွန်တော်ဟာ နုတ်ထွက်ကြောင်း စာတင်ပြတာပါ။”လို့ ဆက်ရှင်က အဆိုပါစာမှာ ရေးသားထားပါတယ် ။

 သမ္မတ ထရမ့်နဲ့ သူ့ရဲ့ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်ကြားမှာ မကျေလည်မှုတွေက တစ်နှစ်ကျော်ကြာ ဖြစ်တည်နေခဲ့တာပါ။

 ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှ ခြေထိုးမှုရှိတယ်ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေရာမှာ ဂျက်ဖ်ဆက်ရှင်က မပါဝင်ဘဲ ကိုယ်လွတ်ရုန်းခဲ့ချိန်ကစပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေး မကောင်းဘဲ ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly