မဲဆန္ဒရှင်များအနေဖြင့် ကျား/မရေးရာအမြင်များ ပြောင်းလဲရန် လိုအပ်နေ

မဲဆန္ဒရှင်များအနေဖြင့် ကျား/မရေးရာအမြင်များ ပြောင်းလဲရန် လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၆ ။            ။ မဲဆန္ဒရှင်များအနေဖြင့် ကျား/မရေးရာအမြင်များ ပြောင်းလဲရန် လိုအပ်နေကြောင်း ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း များ မဲရရှိမှုနည်းသည့်အပေါ် လေ့လာတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

 " ဝင်ရောက်မယှဉ်ပြိုင်ခင်က အမျိုးသမီးတွေကိုမဲပေးမယ်၊အားပေးမယ်ဆိုပြီးတော့ တကယ်တမ်း မဲရလဒ် တွေကျတော့ ၈ရာခိုင်နှုန်းကို ကျသွားတယ်။ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေက ကမ်ပိန်း ပရောဆက်စ် တွေမှာသူတို့လည်း သေချာအားတက်သရော အင်တိုက်အားတိုက် လုပ်ကြတာပဲ။လူထုရဲ့ ဂျန်ဒါလန်းဆိုတာက အမျိုးသားတစ်ယောက်ကပဲ စွမ်းဆောင်နိုင်မယ့်အသိကရှိနေတော့ အဲ့ဒါတွေကို ပြောင်းဖို့လိုအပ်တာ။ ကျားမ ရေးရာအမြင်တွေကို ပြောင်းဖို့လိုအပ်တယ်" ဟု Rainmaker ရွေးကောက်ပွဲစောင့်ကြည့်လေ့လာအဖွဲ့မှ ပရောဂျက်ဒါရိုက်တာ မအေးသန္တာအောင်က ပြောသည်။

 ယင်းအဖွဲ့၏ တွေ့ရှိချက်များနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၆ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်ခဲ့ပြီး မီဒီယာများကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၇ ဦးကဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မဲရလဒ် ၈ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း အဆိုပါရလဒ်သည် ကျားမရေးရာ ခွဲခြားမှုကြောင့် ဖြစ်ကြောင်း Rainmaker ရွေးကောက်ပွဲစောင့်ကြည့်လေ့လာအဖွဲ့မှ ထောက်ပြသည်။

 " ကျွန်တော်တို့က မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ကျားမရေးရာအပေါ် အမြင်တွေပြောင်းလဲဖို့အတွက်၊ အမျိုး သမီးတွေကို ပိုမိုထောက်ပံ့မှုတွေရရှိဖို့အတွက်သင်တန်းတွေ၊ ပိုမိုပြီး အမြင်ပွင့်ပေးဖို့ သင်တန်းတွေအများကြီး အများကြီးလိုအပ်သေးတယ်။ " ဟု Rainmaker ရွေးကောက်ပွဲစောင့်ကြည့်လေ့လာအဖွဲ့ ပရောဂျက်ဒါရိုက်တာ မအေးသန္တာအောင်က ဆက်ပြောသည်။

 Rainmaker အဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲအပေါ် စောင့်ကြည့်လေ့လာရာတွင် စောင့်ကြည့်လေ့လာသူ ၁၄၈ဦးကို ၁ဦးလျှင်မဲရုံ ၅ရုံနှုန်းနှင့် မဲရုံပေါင်း ၇၀၀ ဝန်းကျင်၏အခြေနေကို စောင့်ကြည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရွေးကောက်ပွဲနေ့တွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကိုလည်း စောင့်ကြည့်ခဲ့ပြီး မဲဆန္ဒရှင် ၁၄၀၀ ဦး၏ စစ်တမ်းအချက်လက်များကို ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly