ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရန် ADB က ၆ဘီလီယံထိ နှစ်ဆတိုးထောက်ပံ့

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရန် ADB က ၆ဘီလီယံထိ နှစ်ဆတိုးထောက်ပံ့

နေပြည်တော်၊ စက်တင်ဘာ ၂၅။ ။ အာရှ-ပစိဖိတ်ဒေသတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က နှစ်စဉ် ဘဏ္ဍာအရင်းအမြစ် ဒေါ်လာ ၃ဘီလီယံထောက်ပံ့သုံးစွဲနေရာမှ ၂၀၂၀ခုနှစ် မတိုင်မီ ဒေါ်လာ ၆ဘီလီယံထိ နှစ်ဆတိုးမြှင့်သွားမည်ဟု ADB ဥက္ကဋ္ဌ တာကဲဟိကို နာကာအိုက ပြောကြောင်း ADBက စက်တင်ဘာ ၂၅ရက်က ထုတ်ပြန်ထားသည်။

ADB၏ ယခုကြေငြာချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရန် ဖွံ့ဖြိုးပြီး နိုင်ငံများက ၂၀၂၀ ခုနှစ်ကစပြီး နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ကုန်ကျခံမည့် ကတိကဝတ်ထားရှိမှုနှင့် လည်း ဆက်နွယ်သည်ဟု ဆိုသည်။

ယခုတိုးမြှင့်သုံးစွဲမည့် ဒေါ်လာ ၆ဘီလီယံ အနက် ၄ဘီလီယံကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ စွမ်းအင်ဖူလုံမှု၊ ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်မှု နှင့် ခေတ်မီမြို့ပြများ တည်ဆောက်မှုအတွက် ထောက်ပံ့မည်ဖြစ်သည်။ ကျန် ၂ဘီလီယံကိုမူ ရာသီဥတုကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်မှုများ၊ ရာသီဥတုဒဏ် ခံနိုင်ရည်မြင့်မားသော စိုက်ပျိုးသီးနှံ/နည်းပညာများ နှင့် အခြေခံအဆောက်အအုံအတွက် သုံးစွဲမည်ဖြစ်သည်။ ၄ဘီလီယံသည် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ရည်ရွယ်ပြီး ၂ဘီလံသည် ရာသီဥတု ပြောင်းလဲမှု နှင့် သဟဇာတ ဖြစ်စေမှုဖြစ်မားရန် ရည်ရွယ်ထားသည်။

ယင်းအပြင် ADBက ၎င်း၏ ဘဏ္ဍာအရင်းအမြစ် နှစ်ခုကို ၂၀၁၇ခုနှစ်မှ စတင်ကာ ပေါင်းစည်းရန် ဆောင်ရွက်ထားသည်ဟုလည်း ဆိုသည်။

"၂၀၃၀ခုနှစ်မှာ သမိုင်းဝင် ရေရှည်တည်တံ့တဲ့ ရည်မှန်းချက် (SDG) ၁၇ချက်ကို အောင်မြင်စေဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဟာ အခုသီတင်းပတ်ကုန် နယူးယောက်မြို့မှာ တွေ့ဆုံ ကတိကဝတ် ပြုမှာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်တွေအတွက် ဘဏ္ဍာထောက်ပံ့မှုတွေ ပေးအပ်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေမှာ ADBအနေနဲ့လည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ အသင့်ပါပဲ"ဟု နာကာအိုက ပြောသည်။

SDG ၁၇ ရည်မှန်းချက်တွင် ရာသီဥတု ပြောင်းလဲမှု နှင့် ယင်း၏ အကျိုးသက်ရောက်မှုများကို အရေးတကြီး တုံ့ပြန်ဆောက်ရွက်ရန် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required