မကွေးတွင် သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးနေ

By တင်ရွှေ(မဇ္ဈိမ)
06 November 2018
မကွေးတွင် သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးနေ

မကွေး၊ နိုဝင်ဘာ ၆ ။               ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်နှင့်လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို ၂၀၁၈ခုနှစ် နိဝင်ဘာလ ၁ရက်နေ့မှ နိဝင်ဘာလ ၂၃ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် မှတ်ပုံတင်ပေးလျှက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

နိင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မှတ်ပုံတင်မဲ့သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီး ဆိုင်ကယ်များအား ဥပဒေနှင်အညီမှတ်ပုံတင်ပြီး တရားဝင်စီးနင်းသွားလာနိင်ရန်၊သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်လာစေရန်၊နိင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ ရရှိစေရန်ရည်ရွယ်၍ One Stop Service စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးရဲနိင်က ပြောသည်။

“အခုလ နိဝင်ဘာ ၁ရက်ကနေ နိဝင်ဘာ၂၃ရက်နေ့အထိ ရုံးဖွင့်ရက်တွေမှာ ဆောင်ရွက်ပေးနေပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေမှာတော့ ရုံးပိတ်ရက်မှာလဲ ဆောင်ရွက်ပေးပါတယ်။ ဒီစီမံချက် ပြီးရင် နောင်မှာ မှတ်ပုံတင်မဲ့ယာဉ်တွေကို အသုံးပြုပါက အခုလို OSSစနစ်နဲ့ မှတ်ပုံတင်ပေးတော့မှာမဟုတ်ဘဲ ဥပဒေအရ ယာဉ်ကို နိင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းပြီး အရေးယူခံရမှာ ဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးရဲနိင်က ပြောသည်။

မကွေးတိုင်းဒေသကြီးသည် နယ်စပ်ဒေသ မဟုတ်သောကြောင့် မှတ်ပုံတင်မဲ့ယာဉ်များ နည်းပါးပြီး နိုဝင်ဘာလ ၁ရက်မှ နိုဝင်ဘာလ ၅ရက်နေ့အထိ ပခုက္ကူခရိုင်မှ တစ်စီး၊ သရက်ခရိုင်မှ တစ်စီးသာ မှတ်ပုံတင် လာရောက် ပြုလုပ်ခဲ့ပြီး မကွေးမြို့တွင် မှတ်ပုံတင်လာရောက်ပြုလုပ်သည့်ယာဉ်မရှိသေးကြောင်း သိရသည်။

အဆိုပါစီမံချက်တွင် ဟောင်းနွမ်းချို့ယွင်းနေသည့် Road Safety မဖြစ်သော သုံးဘီးဆိုင်ကယ်များ၊ Model Year 2008 ခုနှစ်အောက် နိမ့်သောယာဉ်များ၊ လူစီးသုံးဘီးမော်တော်ယာဉ်များ၊ ဒေသအစီစဉ်ဖြင့် တပ်ဆင် သောလူစီးဆိုင်ကယ်ဘေးတွဲယာဉ်များ၊ တောတွင်းနှင့် ကမ်းစပ်များတွင်အသုံးပြုသည့် လေးဘီးပါ မော်တော် ဆိုင်ကယ်များနှင့် မှတ်ပုံတင်သက်တမ်း ၅နှစ်ကျော်ရှိသော နှစ်ပြတ်ယာဉ်များအား မှတ်ပုံတင်ခွင့်မပြုကြောင်း သိရသည်။

ထိုသို့ သုံးဘီးမော်တော်ဆိုင်ကယ်နှင့်လျှပ်စစ်သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ရန် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်၊တွဲဖက်ပြည်နယ်၊ပြည်နယ်ရုံးခွဲနှင့်ခရိုင်ရုံးခွဲများ အသီးသီးသို့ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

“One Stop Service စနစ်စီမံချက်မှာ ကျွန်တော်တို့ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူ ဦးစီးဌာနက တာဝန်ခံဦးစီးပြီး လုပ်ဆောင်ရမှာပါ။ စီမံချက်ကာလအတွင်းမှာ အကောက်ခွန်ဦးစီးဌာန၊မြန်မာ့အာမခံလုပ်ငန်း၊မြန်မာ့ စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု  မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိင် က ဆက်ပြောသည်။

၂၀၁၈ခုနှစ် အောက်တိုဘာ ၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်၊ ပြည် ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးကော်မတီ၏ခွင့်ပြုချက်အရ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်နှင့်လျှပ်စစ် သုံး ဘီးဆိုင်ကယ်များမှတ်ပုံတင်ခြင်းကို One Stop Service စနစ်ဖြင့်ဆောင်ရွက်ခြင်းကို ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ရည်ညွန်းပါစာဖြင့် တစ်နိင်ငံလုံးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required