AFF MNC Futsal Championship 2018 ပြိုင်ပွဲဒုတိယပွဲစဉ်တွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

By မျိုးထွန်းနိုင်
06 November 2018
AFF MNC Futsal Championship 2018 ပြိုင်ပွဲဒုတိယပွဲစဉ်တွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ
 ဓာတ်ပုံ - MFF Futsal

ရန်ကုန်၊ နိုဝင်ဘာ ၆ ။           ။ အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပနေသည့် AFF MNC Futsal Champoinship 2018 ပြိုင်ပွဲ၏ ဒုတိယပွဲစဉ်ဖြစ်သော မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ပွဲစဉ်တွင် မြန်မာအသင်းက ၁၁-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းသည် ဂိုးများစွာသွင်းယူနိုင်ရေးအတွက် လိုအပ်နေသောကြောင့် ပွဲစသည်နှင့် ကမ္ဘောဒီယားဘက်သို့ တိုက်စစ်ဆင်ကစားခဲ့သည်။ ယင်းပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို နိုင်လင်းထွန်းကျော်မှ သုံးဂိုး၊ ပြည့်ဖြိုးမောင် (၂)နှင့် ပြည့်ဖြိုးမောင်(၃)တို့က နှစ်ဂိုးစီနှင့် ကျော်စိုးမိုး၊အောင်ဇင်ဦး၊ ငြိမ်းမင်းစိုး၊ နိုင်ရဲကျော်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ ကြခြင်းဖြစ်သည်။

"ကျွန်တော့် ကစားသမားတွေ အားလုံး ကြိုးစားကစားခဲ့ကြပါတယ်။ လိုချင်တဲ့ ဂိုးအရေအတွက်ကို မရရှိခဲ့ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်မှုကို ကျေနပ်ပါတယ်။ မလေးရှား အသင်းနဲ့ ပွဲစဉ်မှာ မဖြစ်မနေအနိုင်ရဖို့ ကြိုး စားသွားပါမယ်။ မလေးရှားအသင်းကစားတဲ့ ပွဲကိုလည်း ဗီဒီယိုပြန်ကြည့်မယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတွေ ကိုလည်း ဗီဒီယိုပြန်ကြည့်ပြီး အမှားတွေကို ပြင်ဆင်သွားပါမယ်"ဟု ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် ဦးဌေးမြင့်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးအသင်းသည် AFF MNC Futsal Championship 2018 ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်တွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်သော ကမ္ဘောဒီယားနှင့်ပွဲစဉ်ကို ဂိုးပြတ်အနိုင် ကစားခဲ့ခြင်း ဖြစ်သည်။

AFF MNC Futsal Championship 2018 ပြိုင်ပွဲ၏အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် မလေးရှားအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင် သွားမည် ဟု လည်း မြန်မာအသင်း၏ နည်းပြက ပြောကြားသွားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly