အတိုက်အခံ USDP က အာဏာရ NLD ကို ချီးမွှမ်း

အတိုက်အခံ USDP က အာဏာရ NLD ကို ချီးမွှမ်း

ရန်ကုန်   အောက်တိုဘာ   ၆ ။            ။ NLD ပါတီသည် အစိုးရ ဖြစ်နေသည့်အနေအထားကို အပြည့်အဝ ပိုင်ပိုင်နိုင်နိုင်အသုံးချသွားနိုင်သည့် အတွက် တော်သည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က မဇ္စျိမသို့ ပြောသည်။

" ကျွန်တော့်အနေနဲ့ ပြောရရင်တော့ လက်ရှိ NLD ပါတီ၊ NLD အစိုးရကို တော်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ် လို့လည်းဆိုတော့ အစိုးရဖြစ်နေတဲ့ အနေအထားကိုလည်း အပြည့်အဝနဲ့ ပိုင်ပိုင်နိုင်နိုင်အသုံးချသွားနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဘာလို့လည်းဆိုတော့ ဒီကြားဖြတ်ရွေးကောက်ပွဲရှိတဲ့ နေရာတော်တော် များ များမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအဆင့် အကြီးအကဲတွေဟာ ထိထိရောက်ရောက်နဲ့ ပီပီ ပြင်ပြင်ကို ကြားဖြတ်ရွေးကောက်ပွဲ အထောက်အပံဖြစ်နိုင်ဖို့ကို ကြိုးစားဆောင်ရွက်တာကို တွေ့ရတယ်။" ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နှင့် မဇ္စျိမ သတင်းထောက်တို့သည် နိုဝင်ဘာ ၆ ရက်နေ့တွင် တွေ့ဆုံခဲ့စဉ် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရအကြီးအကဲများက ကြားဖြတ်ရွေးကောက်ပွဲကို အထောက်အပံဖြစ်နိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့ကြသည့်အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ ရှုံးနိမ့်ခဲ့ရသည်ဟု သူက ပြောသည်။

"ပြောမယ်ဆိုရင် ကန်ပက်လက်သည် ကျွန်တော်တို့ နိုင်မယ််လို့ မျှော်လင့်ထားပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အတိုင်ပင်ခံ ရောက်သွားပြီးတော့ ကျင်ဒွေးကျေးရွာအုပ်စုကို မြို့အဆင့် သတ်မှတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် အဲ့ဒေသက မဲအများစုက NLD ကို ပေးတာ တွေ့ရပါတယ်။ အဲ့ဒီ မဲတွေနဲ့ပဲ ကျွန်တော်တို့ ကိုယ်စားလှယ် ရှုံးနိမ့်သွားတဲ့ အနေအထားမျိုး ကျွန်တော်တို့ သုံးသပ်တွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်း အလဲတော့ ဖြစ်သွားတယ်။ ကျွန်တေ်ာတို့ မျှော်မှန်း ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ ပြောရရင်တော့ လက်ရှိ အစိုးရ ဖြစ်နေတဲ့အပေါ်မှာ အကောင်းဆုံး အသုံးချသွားနိုင်တယ်လို့ ဒီလို မြင်ပါတယ်။" ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် USDP အနေနှင့် မျှော်လင့်ထားသည့်အနေအထားမရခဲ့သော် လည်း ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိလာတယ်လို့ သုံးသပ်တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

" ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အနေအထားတစ်ခုတော့ မရရှိဘူး။ သို့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက်စာရင် ကျွန်တော်တို့ ပါတီကို ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိလာတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ဆိုတော့ ကျွန်တော်တို့ ပါတီ အနေနဲ့ ဒီထက်ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့ကို ပြည်သူကို ပိုပြီးတော့ အလုပ်အကျွေးပြုရဦးမယ်။ ပိုပြီး တော့ ကြိုးစားရဦးမယ်လို့ ဒီလိုပဲ မြင်ပါတယ်။" ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃ နေရာ အနိုင်ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly