စူပါမိုဒယ်၏ မင်္ဂလာပွဲပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်သည့်အတွက် အစ္စရေးဝန်ကြီးဌာနတွင် အချင်းများ

စူပါမိုဒယ်၏ မင်္ဂလာပွဲပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်သည့်အတွက် အစ္စရေးဝန်ကြီးဌာနတွင် အချင်းများ

ဟိုင်ဖာ၊ စက်တင်ဘာ-၂၅ ။             ။ သူမ၏ လက်ထပ်မင်္ဂလာပွဲကျင်းပရာ အထက်ကောင်းကင်တွင် လေကြောင်းပျံသန်းမှုကို ပိတ်ပင်ထားရန်အစ္စရေးစူပါမိုဒယ် ဘားရာဖေးလီ ၏  တောင်းဆိုချက်ကြောင့် အစ္စရေးနိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးနှင့် အရပ်ဖက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAA)တို့အကြား အချင်းများခဲ့ရသည်ဟု ဆိုသည်။

လက်ထပ်မင်္ဂလာပွဲဆင်နွှဲရာ အစ္စရေးနိုင်ငံမြောက်ပိုင်းရှီ ဟိုတယ်အထက် ကောင်းကင်တွင် လေကြောင်းပျံသန်းမှုကို ပိတ်ပင်ပေးရန် CAA က သဘောတူခဲ့သော်လည်း ပို့ဆောင်ရေးဝန်ကြီး ယစ်စရေး ကတ်ဇ်ကမူ ဆုံးဖြတ်ချက်ကို ပြန်လည်မရုပ်သိမ်းပါက CAA အကြီးအကဲကို ထုတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးတွင် စက်တင်ဘာ ၂၄ရက်နေ့က မင်္ဂလာပွဲ ကျင်းပနေစဉ်အတွင်း ကောင်းကင်ကို လေယာဉ်အားလုံး ပျံသန်းနိုင်ရန် ဖွင့်မြဲဖွင့်ထားပေးခဲ့ရသည်ဟု အစ္စရေး မီဒီယာက သတင်းပို့ခဲ့သည်။

အစ္စရေး၏ အကျော်ကြားဆုံးမိုဒယ်ဖြစ်ပြီး ယခုအခါ အသက် ၃၀ရှိပြီဖြစ်သည့် ရာဖေးလီက ဟိုင်ဖာအနီးရှိ Carmel Forest အပန်းဖြေစခန်းတွင် ဘီလျံနာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင် အာဒီ အက်ဇရာနှင့် လက်ထပ်လိုက်ခြင်းပင်ဖြစ်သည်။

အစ္စရေးမီဒီယာ သတင်းများအရ ရာဖေးလီတို့စုံတွဲက အချို့ကို ဓာတ်ပုံရိုက်ရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်ပတ်ပတ်လည် ကောင်းကင်တွင် လူမဲ့ဒရုန်းယာဉ် ၅စင်း၊ ရဟုတ်ယာဉ်၂စင်းနှင့် ကင်းလှည့် မီးပုံပျံတစ်ခုတို့ကို ပျံသန်းစေရန် စီစဉ်ထားခဲ့သည်ဟု ဆိုသည်။

ကနဦးတွင် CAAက လုံခြုံရေးရည်ရွယ်ချက်ဖြင့် စုံတွဲ၏ လေကြောင်းပျံသန်းမှု ပိတ်ပင်ထားပေးရန် တောင်းဆိုချက်ကို သဘောတူခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ပို့ဆောင်ရေးဝန်ကြီး မစ္စတာ ကတ်ဇ်က ကောင်းကင်ဟာ အစ္စရေးနိုင်ငံသားအားလုံးပိုင်ဖြစ်တယ်။

ဒီလိုပွဲမျိုးအတွက် အထူးအခွင့်အရေး မပေးနိုင်ဘူးဟုပြောကြားကာ CAA၏ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်ခဲ့သည်ဟု ဆိုသည်။ အစ္စရေး လေယာဉ်မှူးများကလည်း ပိတ်ပင်မှုကို ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly