ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပူးပေါင်းရန်ဆုံးဖြတ်

By နောင်နောင်
23 October 2018
ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပူးပေါင်းရန်ဆုံးဖြတ်
ဓာတ်ပုံ- နောင်နောင်

အောက်တိုဘာလ ၂၃ ရက်။ ရခိုင်မျိုးချစ်ပါတီ(APP) သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ နိုင်ငံရေးအစဉ်အလာနှင့် သမိုင်းဖြတ်သန်းမှုကို လေးစားသည့်အတွက် ရခိုင်မျိုးချစ်ပါတီကို ဖျက်သိမ်းပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို ဝင်ရောက်မည်ဟု ယနေ့ပြောဆိုလိုက်သည်။

စစ်တွေမြို့ရှိ စစ်တွေဟိုတယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်မျိုးချစ်ပါတီတို့၏ ညီညွတ်ရေးအတွက် ဆွေးနွေးပွဲတွင် ထိုသို့ုုပူးပေါင်းဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့က နဂိုကတည်းက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်ဟောင်းလည်း ဖြစ်ပါတယ်။ လက်ရှိရခိုင်ဒီမိုကရေစီအဖွဲ့ချုပါတီရဲ့ သမိုင်းအစဉ်အလာရော မူဝါဒရော လေးစားတယ်။ ကျွန်တော်တို့လည်း ဒီလမ်းကြောင်းပဲ သွားနေတဲ့အတွက် ပေါင်းစည်းလိုက်တာ ဖြစ်ပါတယ်။”ဟု ရခိုင်မျိုးချစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောသည်။

ရခိုင်မျိုးချစ်ပါတီအနေဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းလက်တွဲရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုဌာနချုပ်သို့ စာပို့ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကမ်းလှမ်းမှုအား ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ညီလာခံမှသာလျှင် ဆုံးဖြတ်ရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြန်လည်အကြောင်းပြန်ခဲ့သည်။

သို့သော်လည်း ပြည်သူများ၏ သဘောဆန္ဒအရ အမျိုးသားညီညွတ်ရေးတစ်ရပ်ကို အကောင်ထည်ဖော်ဆောင်ရန် ပါတီများစည်းလုံးညီညွတ်ရန် လိုအပ်သည့်အတွက် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း ALD ပါတီ ဗဟိုအထွေထွေအတွင်း ရေးမှူး ဦးမျိုးကျော်က ပြောသည်။

“ပြည်သူတွေကတော့ ဒီလိုဆန္ဒရှိတယ်။ ပါတီတွေညီညွတ်ဖို့လိုတယ်။ ရခိုင်တစ်ခိုင်တည်းပဲ ရှိဖို့လိုတယ်။ ဒါတွေကိုအတိကျအကောင်ထည်ဖော်နိုင်ဖို့ APP ရဲ့ ကမ်းလှမ်းမှုရှိနေတဲ့အတွက် အခုလိုတွေ့ဆုံဆွေးနွေးတယ်။ သူတို့ဖက်ကလဲ အစည်းဝေးဆုံးဖြတ်အရ အခုလိုပါတီဖျက်သိမ်းပြီး ပြန်ဝင်လာတာဖြစ်တယ်။”ဟု ဦးမျိုးကျော်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်သူ များဖြင့် အသစ်ပြန်လည်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်မျိုးချစ်ပါတီ(APP)ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly