လက်ရှိ NLD ပါတီ၊ NLD အစိုးရကို တော်တယ်လို့ဆိုလိုက်တဲ့ ဒေါက်တာနန္ဒာလှမြင့်

လက်ရှိ NLD ပါတီ၊ NLD အစိုးရကို တော်တယ်လို့ဆိုလိုက်တဲ့ ဒေါက်တာနန္ဒာလှမြင့်
(ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

နေပြည်တော်(နိုဝင်ဘာ ၆ရက်၊ ၂၀၁၈ခုနှစ်)။             ။ နိုဝင်ဘာ ၃ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က၁ဝနေရာဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃နေရာအနိုင်ရရှိခဲ့ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို နေပြည်တော်အခြေစိုက် မဇ္ဈိမသတင်းထောက် မင်းမင်းက တွေ့ဆုံမေးမြန်းထားပါတယ်။

 မေး။ ။ နိုဝင်ဘာ ၃ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၃နေရာ အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်က မှန်းချက်နဲ့ နှမ်းထွက် ကိုက်ရဲ့လား။ ဒီရလဒ်အပေါ် ဘာများ ပြောချင်လဲ။

 ဖြေ။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အနေအထားတစ်ခုတော့ မရရှိဘူး။ သို့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲထက်စာရင် ကျွန်တော်တို့ ပါတီကို ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိလာတယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။ဆိုတော့ ကျွန်တော်တို့ ပါတီ အနေနဲ့ ဒီထက်ကောင်းမွန်တဲ့ ရလဒ်တွေ ရလာဖို့ကို ပြည်သူကို ပိုပြီးတော့ အလုပ်အကျွေးပြုရဦးမယ်။ ပိုပြီး တော့ ကြိုးစားရဦးမယ်လို့ ဒီလိုပဲ မြင်ပါတယ်။

 မေး။ ။ ၂၀၁၅ထက် ၂၀၁၈က ပိုပြီးတော့ ရလဒ်ကောင်းလာတယ်ဆိုတော့ ၂၀၂ဝကျရင် ပိုပြီးတော့မှ မျှော်လင့်လို့ရမယ့် အနေအထားလို့ သုံးသပ်လို့ ရမလား။

 ဖြေ။ ။ ကျွန်တော်တို့ပါတီရဲ့ရည်မှန်းချက်ကတော့ အနီးစပ်ဆုံး ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိဖို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ်ဆိုတာ ခံယူထားပါတယ်။ ဆိုတဲ့အခါကျတော့ ၂၀၂ဝမှာ ကျွန်တော်တို့ပါတီ အနိုင်ရဖို့ အတွက်ကတော့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ်။ သို့သော် ကျွန်တော်တို့ အနိုင်ရရှိခြင်း မရှိခြင်း ဆိုတာ မဲဆန္ဒရှင် မိဘပြည်သူတွေရဲ့ဆန္ဒမဲပေးမှုအပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့က ပြည်သူလူထု အပေါ်မှာ၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာရှိရှိ၊ မေတ္တာ၊ စေတနာမှန်မှန်နဲ့ ကျွန်တော်တို့ လုပ်ရမယ့် လုပ်ငန်း စဉ်၊ မူဝါဒ အကောင်းဆုံး ချမှတ်ပြီးတော့မှ မှန်မှန်ကန်ကန်၊ ကြိုးစားရပ်တည်ပြီးတော့မှ ပေးဆပ်သွားမယ်။ ပြည်သူလူထုက ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို ယုံကြည်တယ်၊ အသိအမှတ်ပြုတယ်ဆိုရင် ကျွန်တော် တို့ကို မဲပေးမှာပဲ။ အဲ့ဒီအတွက် ပြည်သူလူထု ယုံကြည်မဲပေးလာအောင် အကောင်းဆုံး ပေးဆပ်၊ ကြိုးစား သွားမယ်လို့ ပြောချင်ပါတယ်။

 မေး။ ။ ဒီ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲက ၂၀၂ဝအတွက် သင်ခန်းစာဆိုရင် ဘယ်အချက်က သင်ခန်းစာ ဖြစ်မလဲ။

ဖြေ။ ။ ကျွန်တော်တို့ပါတီအနေနဲ့ ၂၀၁၆ ပါတီညီလာခံ ကျင်းပပြီးတဲ့ နောက်ပိုင်းမှာ ခေါင်းဆောင်ပိုင်း ပြောင်းလဲ မှုတွေ လုပ်ခဲ့တာ ရှိတယ်။ ပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ဦးဆောင်ပြီးတော့မှ အလုပ်အမှုဆောင် အဖွဲ့သစ်တွေ ဖွဲ့ တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ နောက်တစ်ခါ အမျိုးသမီးနဲ့ လူငယ်ကဏ္ဍတွေ ကိုလည်း အများကြီးဖွင့်ပေးတယ်။ လက်တွဲခေါ်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ဆောင်ရွက်ထားတာ ရှိတယ်။ ဒီပြုပြင်ပြောင်းလဲမှုကို ပြည်သူလူထု မသိသေးဘူး။ အရင်တုန်းက ဝေဖန်၊ ပြောဆိုနေတဲ့၊ သူများတွေ ပုံဖျက်ထားတဲ့ ဟာမျိုးပဲ ပြည်သူက တချို့ နားလည်နေသေးတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ပြုပြင် ပြောင်းလဲ မှု လုပ်ထားတဲ့ အခြေအနေတွေ၊ နောက်တစ်ခါ ကျွန်တော်တို့ပါတီရဲ့မူဝါဒပေါ့။ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကို ပြည်သူလူထု ဒီထက်ပိုပြီး သိအောင် ကြိုးစား ဆောင်ရွက် ရဦးမယ်လို့ မြင်ပါတယ်။ သို့သော်လည်းပဲ ယခင်ကထက်စာရင် အတိုင်းအတာတစ်ခု ပြည်သူလက်ခံယုံကြည် လာတယ် လို့လည်း သုံးသပ်တွေ့ရှိရပါတယ်။ ဒီထက်တော့ ပိုပြီး ကြိုးစားပြီးတော့မှ ပြည်သူလူထုနဲ့ ပိုပြီး ထိတွေ့ဖို့ ဆောင်ရွက်သွားမယ်။

 မေး။ ။ ခြုံပြီး မပြောဘဲ မဲဆန္ဒနယ်တစ်ခုချင်းကို ပြန်ကြည့်မယ်ဆိုရင် ကန်ပက်လက်လိုနေရာမျိုးမှာ အစက ကြားခဲ့တာ ပြည်ခိုင်ဖြိုးနိုင်နေတယ်လို့ ကြားတယ်။ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားခဲ့တဲ့ မဲရုံက NLD မဲက တော်တော်များသွားပြီး အဲ့ရလဒ်ကြောင့် ကြံ့ခိုင်ရေးပါတီက ရှုံးသွားတယ်လို့ ကြားတယ်။ အဲ့တော့ ဒီအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ။ ကျွန်တော့အနေနဲ့ ပြောရရင်တော့ လက်ရှိ NLD ပါတီ၊ NLD အစိုးရကို တော်တယ်လို့ ပြောရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရ ဖြစ်နေတဲ့ အနေအထားကိုလည်း အပြည့်အဝနဲ့ ပိုင်ပိုင်နိုင်နိုင် အသုံးချသွား နိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဘာလို့လည်းဆိုတော့ ဒီကြားဖြတ်ရွေးကောက်ပွဲရှိတဲ့ နေရာ တော် တော်များများမှာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအဆင့် အကြီးအကဲတွေဟာ ထိထိ ရောက် ရောက်နဲ့ ပီပီပြင်ပြင်ကို ကြားဖြတ်ရွေးကောက်ပွဲ အထောက်အပံ့ ဖြစ်နိုင်ဖို့ကို ကြိုးစားဆောင်ရွက်တာကို တွေ့ရ တယ်။ ပြောမယ်ဆိုရင် ကန်ပက်လက်သည် ကျွန်တော်တို့ နိုင်မယ််လို့ မျှော်လင့်ထားပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်အတိုင်ပင်ခံ ရောက်သွားပြီးတော့ ကျင်ဒွေးကျေးရွာအုပ်စုကို မြို့အဆင့် သတ်မှတ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် အဲ့ဒေသက မဲအများစုက NLD ကို ပေးတာ တွေ့ရပါတယ်။ အဲ့ဒီ မဲတွေနဲ့ပဲ ကျွန်တော်တို့ ကိုယ်စားလှယ် ရှုံးနိမ့်သွားတဲ့ အနေအထားမျိုး ကျွန်တော်တို့ သုံးသပ်တွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်း အလဲတော့ ဖြစ်သွားတယ်။ ကျွန်တေ်ာတို့ မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး။ ပြောရရင်တော့ လက်ရှိ အစိုးရ ဖြစ်နေတဲ့အပေါ်မှာ အကောင်းဆုံး အသုံးချသွားနိုင်တယ်လို့ ဒီလို မြင်ပါတယ်။

 မေး။ ။ ၂၀၁၅နဲ့ ၂၀၁၈ ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တက်လာတယ်။ NLD က ကျသွားတယ်ပေါ့။ ဒါပေမယ့် ဒီဟာသည် ကြံ့ခိုင်ရေးပါတီက Skills တက်လာလို့ မဟုတ်ဘူး။ NLD ရဲ့စွမ်းဆောင်ရည်တွေ ကျသွားလို့ ကြံ့ခိုင်ရေးက မဲရတာလို့ ပြောကြတယ်။ ဒီအပေါ်မှာကော ဘာပြောချင်လဲ။

 ဖြေ။ ။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲဆိုတာကတော့ ပြည်သူက အမြဲတမ်း တစ်သမတ်ထဲ ရှိနေတာ မဟုတ် ဘူးလေ။ အပြောင်းအလဲကို လိုချင်နေတာပါပဲ။ အစိုးရတစ်ရပ် တက်လာရင် ဒီအစိုးရရဲ့ မူဝါဒ၊ အစိုးရရဲ့ လုပ်ဆောင်ချက်ကို မကြိုက်ဘူးဆိုရင် နောက်ထပ် ပါတီတစ်ခုကို ပြောင်းလဲပြီးတော့ မဲပေးတာ သဘော သဘာဝ ရှိပါတယ်။ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲတစ်ကြိမ် ရှုံးတာဟာ ကျွန်တော်တို့ပါတီ ကျရှုံးသွားတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေရဲ့သဘောသဘာဝအရ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးအစိုးရ ဖြစ်ခဲ့တယ်။ ပြည်သူ လူထုက နောက်အစိုးရ ဖြစ်လာရင် ပိုကောင်းမယ်လို့ မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြတယ်။ ဒီနေ့ ပြည်ခိုင်ဖြိုး အစိုးရနဲ့ NLD အစိုးရကို ယှဉ်ကြည့်ပြီးတဲ့အချိန်မှာ ဒီကြားဖြတ် ၂နှစ်ခွဲကျော်ကာလအတွင်းမှာပဲ ပြည်သူဟာ အတိုင်းအတာတစ်ခု နားလည်သဘောပေါက်လာပြီလို့ ကျွန်တော်တို့ မြင်တယ်။ မြင်တဲ့အတွက်လည်း တိုင်းရင်း သားဒေသတွေမှာပါ ကျွန်တော်တို့အပေါ် ယုံကြည်အားကိုးလာတာ ဖြစ်တဲ့အတွက် တိုင်းရင်းသား ဒေသတွေ မှာလည်း နိုင်တဲ့နေရာတွေ၊ မဲပိုမိုရရှိတဲ့နေရာတွေ ထွက်လာတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ ပြည်သူ လူထုနဲ့ နိုင်ငံအပေါ်မှာထားတဲ့ သစ္စာတရား၊ စေတနာကို ပြည်သူလူထု ဒီထက်ပိုပြီး ယုံကြည်လာအောင်၊ ဒီထက်ပိုပြီး သိမြင်လာအောင် အလုပ်အကျွေး ပြုကြရဦးမယ်။ အကောင်းဆုံး အလုပ်အကျွေးပြုဖို့ ကြိုးစားမယ်။ ကျွန်တော်တို့ရဲ့ မူဝါဒမှန်တယ်၊ စေတနာကို နားလည်လာရင် ပြည်သူတွေဟာ ကျွန်တော်တို့ကို ပြန်ပြီးတော့ ထောက်ခံမဲ ပေးလာလိမ့်မယ်။ ကျွန်တာ်တို့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

 မေး။ ။ ဒီကြားဖြတ်ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံကြည့်ရင် သမာသမတ်ကျတဲ့ ရွေးကောက်ပွဲတစ်ခုလို့ ယူဆနိုင်မလား။ ဘာတွေ ထောက်ပြစရာ ရှိလဲ။

ဖြေ။ ။ လက်ရှိမှာ သမာသမတ်ကျတယ်၊ သန့်ရှင်း၊ တရားမျှတတယ်လို့တော့ ကျွန်တော်တို့ ပြောဖို့ နည်းနည်း စောပါသေးတယ်။ ခုမှပြီးခါစဆိုတော့ ဖြစ်စဉ်တွေကို ပြန်ပြီး သုံးသပ်ရပါဦးမယ်။ သို့သော်လည်းပဲ မြင်းခြံတို့လို နေရာမျိုးတွေမှာ လူတစ်ယောက်ထဲကနေ မဲနှစ်ကြိမ် ပေးတာမျိုးတွေ၊ အုတ်တွင်းမှာဆိုလို့ရှိရင်လည်း ဆုံးပါးပြီး တဲ့လူတွေ ပြန်ပြီးတော့ မဲစာရင်းမှာ ပါနေတာမျိုးတွေ၊ ဒီလူတွေအတွက် မဲပေးတာ ဒီိလိုမျိုးလေးတွေတော့ အသံ လေးတွေကြားတယ်။ တိုင်းကြားထားတာ၊ တင်ပြထားတာတွေလည်း ရှိတယ်။ နေရာတိုင်းမှာ ဖြစ်တဲ့ ဖြစ်စဉ်တွေအပေါ်မှာ ကျွန်တော်တို့ ပြန်ပြီး သုံးသပ်ရပါဦးမယ်။ သို့သော်လည်းပဲ လက်ရှိ မဲပေးနေတဲ့ ပြည်သူ လူထု စိတ်ပါဝင်စားမှု အားနည်းနေတာ၊ မဲပေးတဲ့ ရာခိုင်နှုန်း လျှော့တာတော့ ဒါ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူလူထု အများစုရဲ့ဆန္ဒအမှန်အတိုုင်းပဲ မဖြစ်မှာကို စိတ်ပူတယ်။ ဆိုတော့ မဲပေးတာကို ပိုပြီးတော့ စိတ်ပါဝင်စားလာအောင် နိုင်ငံရေးပါတီအားလုံး၊ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ဆော်ဩဖို့၊ ပညာပေးလုပ်ငန်းစဉ်တွေ လုပ်ဖိုု့ လိုအပ်မယ်လို့ ထင်ပါတယ်။ သို့သော်လည်းပဲ မဲပေးတဲ့ ပြည်သူလူထုကို သုံးသပ်ကြည့်မယ် ဆိုလို့ရှိရင်လည်း ယခင်ကထက် စာရင်တော့ ပိုပြီးတော့မှ နိုင်ငံရေးရေချိန် မြင့်လာပြီ။ နိုင်ငံရေးကို ပိုပြီးတော့မှ နားလည်လာတယ်။ ပါတီကိုပဲ ကြည့်ပါ၊ လူကိုပဲကြည့်ပါမျိုး မဟုတ်ဘဲနဲ့ ပါတီကော၊ လူကော ယှဉ်တွဲကြည့်ပြီးတော့မှ မဲပေးလာတယ်လို့ မြင်ပါတယ်။ ဒီအတွက်လည်း ၂၀၂ဝမှာ ဒီထက် ပိုပြီးတော့ အင်အားများများနဲ့ မှန်မှန်ကန်ကန်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် တကယ် အလုပ်အကျွေး ပြုနိုင် မယ့် ကိုယ်စားလှယ်လောင်းတွေကို ဒီထက်ပို ရွေးချယ်မှု မှန်ကန်စွာ ရွေးချယ်ပေးနိုင်လိမ့်မယ်လို့ ပြည်သူလူထု ကို ယုံကြည်ပါတယ်ခင်ဗျ။

 ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required