အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ပါ ၃၀ ဦးခန့်ကို တရားစွဲတင်နိုင်ရန် ပြင်ဆင်နေ

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ပါ ၃၀ ဦးခန့်ကို တရားစွဲတင်နိုင်ရန် ပြင်ဆင်နေ

နေပြည်တော်၊ နိုဝင်ဘာ ၅ ။              ။ မိုးထိမိုးမိ ရွှေလုပ်ကွက်တွင်း ရွှေတူးဖော်ခွင့်ပါမစ် ရပ်ဆိုင်းပြီးနောက်ပိုင်းတွင် ဆက်လက် ရွှေတူးဖော်ခြင်း ကြောင့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို  နိုင်ငံတော်သို့ ပေးသွင်းရန်ကျန်ရှိသည့် ရွှေကြွေးကျန်များကို ရလိုမှုဖြင့် မန္တလေးတိုင်း တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း အမှတ် (၂) သတ္တုတွင်းဦးစီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

“လက်ရှိက ကျွန်တော်တို့က ပုဒ်မ (၃၀)ကနဲ့ သတ္ထုတွင်း ဥပဒေပုဒ်မ(၃၀) နဲ့ ဖွင့်ထားတာကတော့  ဦးစိုးထွန်းရှိန် ပဲ။ သူကတော့ အဓိကကတော့ ဥက္ကဋ္ဌ ဖြစ်လို့ ၊ ဒီနေရာမှာ တာဝန်အရှိဆုံးမို့လို့ ၊ ကျွန်တော်တို့က ဖွင့်ထားတာ။ သို့သော်လည်း ရလိုမှုပေါ့။ နိုင်ငံတော်က ဒီ စာချုပ်အရ ထုတ်လုပ်မှု ရှိတယ်။ စာချုပ်အရ ပေးသွင်းရမှာတွေ ရှိတယ်။ အဲ့ဒီဟာတွေ မပေးသွင်းတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က  ရလိုမှုနဲ့ တရားစွဲဖို့ မန္တလေးတိုင်း တရားရုံးကို လုပ်ထားတယ် ” ဟု ၄င်းက ပြောသည်။

ထိုသို့ တရားစွဲတင်နိုင်ရန် ရှေ့နေချုပ်ရုံးမှ အကြံအဉာဏ်တောင်းခံထားခြင်းဖြစ်ပြီး ဦးစိုးထွန်းရှိန် အပါအဝင် ကုမ္ပဏီမှ တာဝန်ရှိသူ ၁၁ ဦးခန့်၊ ဝန်ကြီးဌာနနှင့် မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ရာတွင် ပထမဆုံး စာချုပ် ချုပ်ဆိုထားသည့်ထဲတွင် လက်မှတ်ရေးထိုးထားသူ အဖွဲ့ဝင်၂၀ ဦး ခန့်ကို ရွှေကြွေးကျန်ရလိုမှုဖြင့် အမှုဖွင့်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ ပို့စရာရှိတာ အကုန်ပို့ပြီးပြီ။ သူ့ဘက်ကတော့ ဥပဒေအကြောင်းအရ ဆိုတာက ပြောလို့ရှိရင် ဒီဟာသည် ကြီးမားတဲ့ အမှု ဖြစ်တယ်။ ပမာဏလည်း တအားများတယ်။ ပိဿာဆို ၁၂၀၀ ကျော် လောက်ရှိတယ်။ များတဲ့အခါကျတော့ ဒီဘက်က ပြည့်ပြည့်စုံစုံ၊ သပ်သပ်ရပ်ရပ်နဲ့ အခိုင်အမာလုပ်မှသာလျှင် ဒါက နောက်ပိုင်းအမှု တည်ဆောက်ပြီးတဲ့ အခါကျမှသာ လျှင် ခိုင်ခိုင်မာမာဖြစ်မှာမို့လို့။ ဒါ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးတော့ လုပ်နေတဲ့အပိုင်းမှာတော့ အခုချိန်ထိတော့ ကျွန်တော်တို့သိရသလောက် ဒီကုမ္ပဏီတွေကို  Lawyer Notice ပို့တဲ့ဟာက မထွက်သေးဘူး။ ထွက်ဖို့အဆင့်တော့ ရောက်ပြီ”ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောသည်။

ယနေ့  နိုဝင်ဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ  Horizon Lake View  Hotel တွင် ကျင်းပပြုလုပ်သည့် သတ္တုကဏ္ဍဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း လမ်းညွှန်ချက်များအပေါ် အပြီးသတ်  ညှိနှိုင်းတိုင်ပင်မှု အလုပ်ရုံ ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် ဦးသံဒိုင်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မိုးထိမိုးမိဒေသရှိ အဆိုပါရွှေလုပ်ကွက်ကို  သတ္ထုတွင်းဝန်ကြီးဌာနမှ လူအင်အား ၃ဝခန့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အား ၆၀ ခန့်ဖြင့် ထိန်းသိမ်းထားပြီး လမ်းများနှင့် မိုင်းတွင်းများမှာ ရေဝင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုများ အပါအဝင် စက်ရုံများမှာလည်း သံထည်များနှင့် တည်ဆောက်ထားသည့်အတွက် သံဂျီး ကိုက်ခြင်းရှိနေသည့်အတွက် ထိန်းသိမ်းရန် ခက်ခဲနေကြောင်း ဦးသံဒိုင်က ဆက်ပြောသည်။

“ကျွန်တေ်ာတို့က ဥပဒေနဲ့ အညီဖြစ်အောင် ရှေ့နေချုပ်ရုံးကိုမေးရမယ်။  ရှေ့နေချုပ်ရုံးက ပြန်လာတဲ့အခါမှာ အထက်ကို ဆက်ပြီး တင်ပြရမယ်။ အဲဒါတွေ ဖြစ်တဲ့ အခါကျတော့ လုပ်ဖို့ ကျွန်တော်တို့က အကောင်းဆုံး နည်းလမ်းတော့ ရှာထားတယ်။ ဒီဟာအတွက် အဖြေအတိအကျ မရသေးဘူး။ ဒါပေမယ့်သွားမယ်ဆို အဲ့လို သွားမှပဲ အဆင်ပြေမယ်။ ဘာလို့ဆို အခုခေတ်က လက်သင့်ရာပေးလို့ မရဘူးလေ။ တကယ်ကို လုပ်ထုံး လုပ်နည်းနဲ့ တင်ဒါစနစ်တွေ ဘာတွေနဲ့ သေချာသွားမှ  ခိုင်ခိုင်မာမာဖြစ်မယ်။ ဘယ်သူ့၊ ဘယ်သူမှလည်း ပြောစရာမရှိဘူးပေါ့။ အဲ့လမ်းကြောင်းတိုင်းဆက်မယ့် အစီစဉ်တော့ရှိတယ်”ဟု ဦးသံဒိုင်က ဆိုသည်။

အဆိုပါ လုပ်ကွက်ကို ပမာဏ စိတ်ဝင်စားမှု အဆိုပြုလွှာ(Expression of Interest- EOI )ခေါ်ပြီး တင်ဒါ စနစ်ဖြင့် ပြန်လည်လုပ်ဆောင်ရန် အကြမ်းဖျဉ်း ယာယီ စီစဉ်ထားကြောင်း သိရသည်။
(ဓာတ်ပုံ မဇ္စျိမ/ နေလင်းအောင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required