ကျမတို့ကို မဲမပေးမှန်းသိပေမယ့် မဲစာရင်းမှာ ပါအောင်တော့ တိုက်တွန်းနေတယ်လို့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဆို

ကျမတို့ကို မဲမပေးမှန်းသိပေမယ့် မဲစာရင်းမှာ ပါအောင်တော့ တိုက်တွန်းနေတယ်လို့ ကြံ့ခိုင်ရေးပါတီ အမတ်လောင်း ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅။               ။ ၂၀၁၅ ရွေးကောက်ပွဲ ဘယ်လို ဖြစ်လာမှာကို ခန့်မှန်းရန် ခက်နေပြီး  အရေးအကြီးဆုံး မျက်နှာစာ အဖြစ် မဲဆန္ဒရှင်စာရင်း ဇာတ်လမ်းရှည်ကြီးက တခန်းပြီးတခန်း လည်လာလျက် ရှိပါတယ်။ မဲပေးမယ့်် ပြည်သူ ကိုယ်တိုင်က တာဝန်ယူ လုပ်ဆောင်ရမယ့် မဲစာရင်း တိကျမှု ရှိမရှိကို အများသူငါ လာရောက်စစ်ဆေးဖို့ စိတ်ဝင်စားမှု နည်းသွားခြင်းက ထပ်လောင်း စိုးရိမ်ဖွယ် ဖြစ်လာ စေပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေရဲ့ မဲစာရင်း ဇာတ်မျောကြီးက မဲပေးတဲ့နေ့အထိ ပြီးနိုင်ပါဦးမလား။ ကြံ့ခိုင်ရေးပါတီရဲ့  ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒေါ်ဇာခြည်လင်းကတော့ မဲစာရင်းအမှားများအတွက် အားလုံးဝိုင်းဝန်း အမှန်ပြင်သင့်ပြီး သူ့ပါတီကို မဲမပေးသည့်တိုင် မဲဆန္ဒရှင် စာရင်းမှာ အမည်ပါအောင် ကြိုးစားကြဖို့ တိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

“တစ်ချို့အိမ်တွေဆိုရင် ကျွန်မတို့ဝင်လိုက်တဲ့ အခါမှာ သူတို့ဟာ ကျွန်မတို့ကို မဲမပေးဘူးဆိုတာ သေချာတယ်။ သူတို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကျွန် တော်တို့ NLD။ ရတယ် ကြိုက်တဲ့ပါတီ ကြိုက်တဲ့ ကိုယ်စားလှယ်ကို မဲပေးပါ။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်ကို မဲပေးနိုင်ဖို့ဆိုတာ ကိုယ့်ရဲ့အမည်က မဲစာရင်းမှာ ပါနေဖို့လိုတယ်။ အခုလို မပါနိုင်မှာစိုးလို့ ကျွန်မတို့က လာပြီးတော့ ကူညီဆောင်ရွက်ပေးတာပါဆိုတဲ့ ပုံစံပဲ ကျွန်မတို့က ပြည်သူလူထုကို ပြောပေးတယ်” လို့ဆိုပါတယ်။

 

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှာ အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့အပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား တိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့အပြင် တသီးပုဂ္ဂလ အမတ်လောင်း တစ်ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီလို ယှဉ်ပြိုင်ဘက် များတဲ့ မဲဆန္ဒနယ်တစ်ခုမှာ ပြည်သူအများမျှော်လင့်တဲ့အတိုင်း အနီးစပ်ဆုံး ဖြစ်အောင် မဲစာရင်း စိစစ်ပြီး မဲပေးခွင့်ရအောင် လုပ်နေတယ်လို့လည်း ဒေါ်ဇာခြည်လင်းက ဆိုပါတယ်။

“ပြည်သူလူထုရွေးခြယ်တဲ့ အတိုင်း ပြည်သူလိုလား တဲ့အတိုင်း ပြည်သူမျှော်လင့်တဲ့အတိုင်း အတတ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးဖြစ် ရအောင် ကျွန်မတို့က တွန်းအားပေးပြီး ဆောင်ရွက်နေပါတယ်” လို့ သူက ဆိုပါတယ်။

 

ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကင်းမြို့နယ်  ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးသာဝင်းကတော့ မဲစာရင်းအမှားတွေကို ဝိုင်းပြီးတော့ လုပ်ကြရမယ့် အခြေအနေဖြစ်နေပြီလို့ သူကဆိုပါတယ်။

“တကယ်တမ်းကတော့ မဲစာရင်းမှာ ပါသင့်တဲ့ လူတွေ  လဝက စာရင်းကို မူတည်ပြီးပဲ လုပ်လုပ် ဘယ်လိုပဲ လုပ်လုပ် ပါသင့်တဲ့လူတွေ ပါနိုင်ဖို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ကြိုးစားပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူများကလည်း ကိုယ့်မဲစာရင်းကို ကိုယ်ကြည့်ပြီးတော့မှ လိုအပ်တဲ့ဟာတွေ ပြင်ဆင်ဖို့ ကြိုးစား ဆောင်ရွက်ပေးရမှာ၊ အားလုံးဝိုင်းပြီးတော့ လုပ်ရမယ့်အနေအထားပဲ” လို့ ပြောပါတယ်။

 

မဲဆန္ဒရှင်စာရင်းများ မမှန်ကန်သဖြင့် ရွေးကောက်ပွဲ ကော်မရှင်အပေါ် ဝေဖန်မှုများ တောင်လို ပုံနေပေမယ့် ကော်မရှင်သည် ပြည်သူတွေ မဲစာရင်းသွားစစ်ကြရန် အစိုးရသတင်းစာများတွင် သတိပေးခြင်း၊ အစိုးရ ရုပ်သံ အစီအစဉ်များတွင် ကြေညာခြင်း၊ မဲစာရင်းမမှန်ကန် တာတွေကို ဘယ်လိုပြင်ဆင်နိုင်လဲ ဆိုတာကို ဘာသာစကား တစ်ဒါဇင်ကျော်နဲ့ ပိုစတာတွေ ရိုက်နှိပ် ဖြန့်ချိကာ ဟောလိဝုဒ်မင်းသမီးချော အိန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ ရောက်လာစဉ်အတွင်းမှာပင် ဒီကိစ္စကို လူထုစိတ်ဝင်စားမှု ရရှိအောင် လုပ်ခဲ့ပါသေးတယ်။

 ကဗျာဆရာရတုသစ်ကတော့ ဒီလိုသာ လူထုကိုလွှဲချနေရင် တတိယအကြိမ် ထပ်လုပ် လည်း မှားဦးမှာပဲတဲ့။

“အဖက်ဖက်ကနေ ပတ်ပြီးတော့မှ ရှုတ်အောင် လုပ်ထားတာ တကယ်တမ်းဆို ပုံစံ ၁၀ အတိုင်း သွားလိုက်။ အိမ်ထောင်စု စာရင်းအတိုင်း သွားလိုက်။ ဘာမှပြဿနာ မရှိဘူးဗျ။ မှားစရာလည်း အကြောင်း မရှိဘူးဗျ။ ဖွား၊သေ စာရင်းဆိုတာလည်း အဲမှာ အတိအကျ ပါလာမှာ။ အခုသူတို့ အဲလိုလုပ်လိုက်တဲ့အတွက် မပါတဲ့လူတွေလည်း၊ မရှိတော့တဲ့လူတွေ လည်း အထဲမှာ ညပ်ပါသွားမယ်။ ကိုယ့်နာမည် ကိုယ်ပြန်ရှာရတာတောင် ခေါင်းမူးနေပြီဗျ အဲလိုလုပ်ထားတာ။ အဲဒါတွေအပေါ် မှာ သဘောမကျဘူး အခုသူတို့ လုပ်နေတဲ့အပေါ်မှာ။ တတိယအကြိမ် ထပ်လုပ်လည်း မှားဦးမှာပဲ” လို့ ဆိုပါတယ်။

 

မဲထည့်တာတွေ မထည့်တာတွေ၊ ဘယ်ပါတီ ကိုထောက်ခံတာတွေ မထောက်ခံတာတွေ ခဏလေး ဘေးထားပြီး ဒီအခုမဲပေးမယ့် ကဏ္ဍကို ပြည်သူလူထုတွေ ပေးလို့ရတဲ့လူတွေ အကုန်လုံး ပေးလို့ရ အောင် ရှင်းရှင်းလင်းလင်း ရိုးရိုးသားသားလေး ဖြစ်ဖို့ကို အကြံပြုချင်ပါတယ်။ အမှားပြင်ဆင်ဖို့ တစ်ခုသော နည်းကတော့ ကိုယ့်နာမည်တွေ့ပြီး အမှားပါဝင်ပါက ဒေသကော်မရှင်ရုံကို သွားကာ ပြင်ဆင်ရခြင်းသည်သာလျှင် မှန်ကန်သော မဲဆန္ဒရှင် စာရင်းဖြစ်စေဖို့ တစ်ခုတည်းသော နည်းလမ်းပဲ မဟုတ်ပါလား။ အရင်လိုလို့ ဖြတ်လမ်းက လိုက်တာထက်စာရင် မဲဆန္ဒရှင်တွေ ID တခုခုရှိရင် ပေးလို့ရရင်ရော မကောင်းပေဘူးလား အဲဒီတော့ အရင်လို လမ်းဟောင်းကိုပဲ လိုက်ပါလို့ပဲ အကြံပြုချင်ပါတယ် ခင်ဗျား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly