ကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆဲဆိုထိုးကြိတ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်

ကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆဲဆိုထိုးကြိတ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုဖွင့်

မကွေး၊ နိုဝင်ဘာ ၅ ။               ။ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာတြိဂံရပ်ဓမ္မာရုံအနီးတွင် ကျေးရွာမီးလင်းရေးကိစ္စနှင့် ပတ်သက်ပြီး ရင်းရှည်ကျေးရွာမှနေထိုင်သူတစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဆဲဆိုထိုးကြိတ်ကာ လည်ပင်းညှစ်ခဲ့သည်ဟုဆိုကာ ပဒါန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

“မီးလင်းရေးကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက်စကားများကြပြီး ဖြစ်ကြတာပါ။ အမှုဖွင့် ထားပါတယ်” ဟု ပဒါန်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်ကျော်ဦးက ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရင်းရှည်ကျေးရွာတွင် နေထိုင်သော ကျေးရွာမီးလင်းရေး ကြီးကြပ်ရေးကော်မတီဝင် ဦးမြသိန်း နှင့်ပဒါန်းကျေးရွာကော်မတီဥက္ကဋ္ဌ ဦးပေါက်တို့သည် မီးလင်းရေးကော်မတီ အစည်းအဝေး၌ ဦးမြသိန်းက ဖုန်းဖြင့်အသံမှတ်တမ်းရယူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ပဒါန်းကျေးရွာတြိဂံရပ် ဓမ္မာရုံအနီးတွင် ညနေ ၆နာရီ ၂၂မိနစ်အချိန်က စကားများခဲ့ကြသည်ဟု သိရသည်။

၎င်းတို့စကားများနေစဉ် ပဒါန်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးမြတ်မင်း(ခ) ဦးပေမိုးရောက်ရှိလာပြီး ရင်းရှည်ကျေးရွာနေ ဦးမြသိန်း၏ လက်မှ ဖုန်းအားပုတ်ချပြီးညစ်ညမ်းစွာဆဲဆိုကာ ဦးမြသိန်းအား လက်သီးဖြင့် ထိုး၍ လည်ပင်းကို ညှစ်ခဲ့သဖြင့် ဦးမြသိန်း၌ ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်အတွက် ငဖဲမြို့နယ် ပဒါန်းနယ်မြေရဲစခန်းမှ ဦးမြသိန်း၏လာရောက်တိုင်တန်းချက်နှင့်အညီ နိုဝင်ဘာလ ၄ ရက်၊ ညနေ ၆ နာရီခွဲအချိန်တွင် ပဒါန်းကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး ဦးမြတ်မင်း(ခ)ပေမိုး(၄၅)နှစ်အား(ပ) ၁၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၂၃ဖြင့်အမှုရေးဖွင့်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly