အင်္ဂလန်တွင် အိမ်ခြေယာမဲ့ကလေးငယ် တစ်သိန်းနီးပါးရှိဟုဆို

အင်္ဂလန်တွင် အိမ်ခြေယာမဲ့ကလေးငယ် တစ်သိန်းနီးပါးရှိဟုဆို

လန်ဒန်၊ စက်တင်ဘာ-၂၅ ။         ။ စစ်တမ်းတစ်ရပ်အရ အင်္ဂလန်နိုင်ငံတွင် အိမ်ခြေယာမဲ့ကလေးငယ် အရေအတွက်မှာ မြင့်တက်လာနေလျှက်ရှိပြီး ယခုလက်ရှိ ကလေးငယ် ၁၀၀၀၀၀နီးပါးမှာ ယာယီနေရာထိုင်ခင်းများတွင်သာ နေထိုင်နေကြရသည်ဟု ဆိုသည်။

ကိန်းဂဏန်းများအရ အိမ်ခြေယာမဲ့ကလေးငယ်အရေအတွက်မှာ ယမန်နှစ်ကနှင့် စာလျှင် ၁၂ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ဇွန်လက တစ်ကိုယ်တော် (သို့မဟုတ်) မိသားစု ၆၆၉၈၀က ကိုယ်ပိုင်အမိုးအကာ အိမ်ယာမရှိသူများအဖြစ် မှတ်ပုံတင်လာခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ပုဂ္ဂလိက အငှားကဏ္ဍတွင် နေအိမ်များကို ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုသည်။

သို့ရာတွင် အိမ်ခြေယာမဲ့ကလေးငယ်များကို ရေတွက်ရာတွင် သက်သောင့်သက်သာမရှိသော အမိုးအကာအောက်တွင် အိပ်စက်ရသည့်ကလေးငယ်များကို ထည့်သွင်းရေတွက်ထားခြင်းမရှိဟု ဆိုသည်။ လတ်တလောအကျဆုံး အချက်အလက်များအရ ၂၀၁၄ ဆောင်းရာသီတွင် အင်္ဂလန်၏ လမ်းမများပေါ်တွင် နေထိုင်သည့် လူအရေအတွက်မှာ ၂၇၀၀ခန့် ရှိသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အိမ်ခြေယာမဲ့များအတွက် အလုပ်လုပ်နေသည့် ကုသိုလ်ဖြစ်အဖွဲ့များကလည်း အစိုးရ၏ အိမ်ယာစီမံကိန်းများမှာ အိမ်ငှားရမ်းမှု မြင့်တက်လာမှုနှင့်အညီ ဖြည့်ဆည်းနိုင်ခြင်းမရှိဟု ပြောကြားရင်း အစိုးရ၏ သန်မာအားကောင်းသော သက်သာချောင်ချိရေးကွန်ရက်ဟူသော ပြောဆိုချက်ကို ငြင်းဆန်ပယ်ချခဲ့ကြသည်။

''ကံမကောင်းအကြောင်းမလှစွာပဲ ဒီကနေ့ ကိန်းဂဏန်းတွေအရ ပြည်သူလူထုတွေရဲ့ ၃၀ရာခိုင်နှုန်းဟာ ပုဂ္ဂလိကအငှားကဏ္ဍမှာ သူတို့ရဲ့အိမ်တွေ ဆုံးရှုံးကုန်တာကြောင့် သူတို့ကို အိမ်ခြေယာမဲ့တွေအဖြစ် လက်ခံခဲ့ကြရတယ်''ဟု အိမ်ခြေယာမဲ့ကုသိုလ်ဖြစ်အဖွဲ့ Crisis မှ ဟန်နာ ဂူဆီက ပြောကြားခဲ့သည်။

အစိုးရကိန်းဂဏန်းများအရမူ ကလေးများရှိကြသည့် အိမ်ခြေယာမဲ့မိသားစုအများစုမှာ မီးဖိုချောင်နှင့် ရေချိုးခန်းသာပါသည့် အခန်းငယ်လေးများတွင် တိုးဝှေ့နေထိုင်နေကြရသည်ဟု ဆိုသော်လည်း ယာယီတည်းခိုခန်းများတွင် နေထိုင်သည့် မိသားစုအရေအတွက်မှာ ၂၅၀၀အထိ ရှိလာပြီး ယမန်နှစ်ကထက် ၂၅ရာခိုင်နှုန်း မြင့်မားလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly