၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ်များမတွေ့ရဘဲ အဆင်ပြေချောမွေ့ဟု စောင့်ကြည့်လေ့လာသူများ ဆို

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ်များမတွေ့ရဘဲ အဆင်ပြေချောမွေ့ဟု စောင့်ကြည့်လေ့လာသူများ ဆို

နိုဝင်ဘာ ၄  ။            ။ ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ထုံးလုပ်နည်း၊ စီမံခန့်ခွဲမှုများနှင့် မဲရုံအပြင်အဆင်များတွင် အားနည်းချက်များရှိနေကြောင်း တွေ့ရသော်လည်း မဲပေးရွေးချယ်မှု ရပ်ဆိုင်းနိုင်သော ကြီးမားသည့် ပြဿနာများကို မတွေ့ ရကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြောသည်။ 

နိုဝင်ဘာ ၄ ရက် ဆူးလေရှန်ဂရီလာတွင် ပြုလုပ်ခဲ့သည့် “ ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကနဦးအစီရင်ခံစာ” ရှင်းလင်းထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

"မနေ့က ရွေးကောက်ပွဲနေ့ တစ်နေ့လုံးမှာ ကြီးမားတဲ့ ပြဿနာကြီးကြီးမားမား ကျွန်တော်တို့ မတွေ့ရဘူး။ ရွေး ကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံး ပျက်သွားရလောက်တဲ့၊ မဲပေးတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးရပ်သွားရလောက်တဲ့ ပြဿနာ ကြီးကြီးမားမား ကျွန်တော်တို့ မတွေ့ရဘူး။ ရွေးကောက်ပွဲ ဖြစ်စဉ်ဟာ ချောမွေ့တယ်လို့ အကြမ်းအားဖြင့် ပြောလို့ရတယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းနဲ့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအရကြည့်မယ်ဆိုရင် မဲရုံတွေ အပြင်အဆင်ပိုင်းမှာ လည်း အားနည်းချက်တွေ ရှိတယ်" ဟု စိုင်းရဲကျော်စွာမြင့်က ပြောသည်။ 

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ရက်မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမဲဆန္ဒနယ် ၁၃ခုအနက်မှ ၁၂ခုတွင် စောင့် ကြည့်လေ့လာရန် PACE နှင့် ဖန်တီးအိမ်အဖွဲ့မှ စောင့်ကြည့်လေ့လာသူ ၅၇၉ ဦး စေလွှတ်ခဲ့ပြီး စောင့်ကြည့်လေ့ လာမှုမှုများအရ ယေဘုယျအားဖြင့် ထူးခြားဖြစ်စဉ်များမတွေ့ရဘဲ မဲပေးခြင်းဖြစ်စဉ်များ အဆင်ပြေချောမွေ့သည် ဟုဆိုနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနေအထားအရ မဲရုံမှူးများကို တာဝန်ပေးသည့်နေရာတွင် အရင်ကထက် ကျား၊မ အချိုးညီမျှ မှုပိုရှိလာသော်လည်း ရန်ကုန်တိုင်းအတွင်းရှိမဲရုံအများစုတွင် အမျိုးသမီး မဲရုံမှူး ၉၇ ရာခိုင်နှုန်း ရှိနေသည်။ 

၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉ ဦး ရှိပြီး အမျိုးသမီး ၇ ဦး ပါဝင်ကာ လက်ရှိသိရှိထားသည့် အချက် အလက်များအရ အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ယောက်မှ မပါဝင်ခဲ့ကြောင်း ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ မခင်လေး ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly