ဖိုးသော်ကို ပို၍ကြံ့ခိုင်သောပုံစံသို့ ပြန်ရောက်ရှိလာစေမည့် အကြောင်းအရင်း ၃ ခု

ဖိုးသော်ကို ပို၍ကြံ့ခိုင်သောပုံစံသို့ ပြန်ရောက်ရှိလာစေမည့် အကြောင်းအရင်း ၃ ခု

နိုဝင်ဘာ ၄ ။             ။ ဖိုးသော်သည် မြန်မာနိုင်ငံ၏ အလားအလာအကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား တစ်ယောက် ဖြစ်သော်လည်း ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသည့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် မလေးရှားနိုင်ငံမှ ထူးချွန်ကိုယ်ခံပညာကစားသမား Keanu Subba ကို ရှုံးနိမ့်ခဲ့ခြင်းသည် ၎င်း၏ ဖယ်သာဝိတ်တန်း၏ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ရေးရည်မှန်းချက်အတွက် အဟန့်အတားတစ်ရပ် ဖြစ်လာခဲ့သည်။ 

ထိုကဲ့သို့သော ရှုံးနိမ့်မှုမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော ရန်ကုန်သား ဖိုးသော်သည် ၇၀.၃ ကီလိုဂရမ်ဝိတ်တန်း၏ ထိပ်တန်းနေရာတွင် ပြန်လည်ရပ်တည်နေနိုင်ပြီဖြစ်သဖြင့် ကိုယ်ခံပညာကစားသမားတစ်ဦးအနေဖြင့် အလားအလာကောင်းမွန်ခြင်းကို ပြသထားနိုင်ခဲ့သည်။ 

ဖိုးသော်သည် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးအနေဖြင့် ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ပို၍ကောင်းမွန်သောပြိုင်ဘက်ကစားသမားကောင်းတစ်ဦးဖြစ်လာနိုင်မည့် အကြောင်းအရင်း ၃ ခုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

၁။ အမှားများမှ သင်ယူခြင်း

မြန်မာ့ဂုဏ်ဆောင်မည့် ကိုယ်ခံပညာကစားသမား ဖိုးသော်သည် Subba ကဲ့သို့ အတွေ့အကြုံ ရင့်ကျက်သည့် ဖယ်သာဝိတ်တန်းကစားသမား၏ ပြင်းထန်လွန်းသော လည်ပင်းချုပ်ကွက်ကြောင့် ပထမအချီတွင်ပင် အရှံးပေးခဲ့ရပြီးနောက်တွင်ပင် ကစားသမားကောင်းတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အပြုအမူကို ပြသခဲ့သည်။

ဖိုးသော်သည် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ခဲ့သောပွဲ၌ ၎င်း၏ပြိုင်ဘက်သည် ပို၍ကောင်းမွန်သောကစားသမားဖြစ်ကြောင်းကို အသိအမှတ်ပြုပါကြောင်း ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားခဲ့ကာ ပြိုင်ဘက်အပေါ်ထားရှိသည့် လေးစားမှုကို ပြသနိုင်ခဲ့သည်။

ဖိုးသော်အနေဖြင့် သူ၏ကစားသမားဘဝတွင် လေးစားဖွယ်ရာ နိုင်ပွဲ ၆ ခုရရှိခဲ့ပြီးနောက် ယခုရှုံးပွဲသည် သူ့ကို ဖယ်သာဝိတ်တန်းကစားသမားများနှင့် ပြိုင်ပွဲများတွင် ထပ်မံယှဉ်ပြိုင်သွားရန်အတွက် ဖြတ်လမ်း ရှိမည် မဟုတ်ကြောင်း နားလည်လာစေပြီး ၎င်း၏စိတ်ဓာတ်ကို ပိုကောင်းမွန်စွာ ပြင်ဆင်သွားနိုင်စေသည်။

ဖိုးသော်သည် မတ်တပ်ရပ်ထိုးသတ်မှုတွင် ထူးချွန်ပြောင်မြောက်သည့် ကစားသမားတစ်ဦးဖြစ်သည်မှာ မှန်သော်လည်း မြေပြင်ကစားကွက်ပိုင်းတွင် ထူးချွန်သူဖြစ်လာရန် လေ့လာမှုများ၊ လေ့ကျင့်မှုများပြုလုပ်ရန် လိုအပ်နေသေးသည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသည် အစဉ်အမြဲတိုးတက်ပြောင်းလဲနေသော နေရာဖြစ်ရာ ထူးချွန်သောအားကစားသမားတစ်ဦးဖြစ်သော ဖိုးသော်အတွက် ယခုကဲ့သို့သော ရှုံးပွဲကြုံရခြင်းမှ လေ့လာသင်ယူဖွယ်ရာများ ရရှိခဲ့သည်။

၂။ လေ့လာရန်လိုအပ်နေသေးသည်များကို သိရှိလာခြင်း

Keanu Subba သည် သန်မာသောလက်များကိုပိုင်ဆိုင်၍ ပြောင်မြောက်သော grappling ကစားကွက်များကို တတ်မြောက်ထားသူ ဖြစ်သောကြောင့် ဖိုးသော်၏ ပြိုင်ပွဲများမှ ကြုံတွေ့ခဲ့ရသည့် ပြိုင်ဘက်များထဲတွင် အကောင်းဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားပြိုင်ဘက်တစ်ဦးဖြစ်သည်။

Subba သည် ပထမအချီ အစောပိုင်းတွင်ပင် ဖိုးသော်ကို မြေပြင်ပေါ်လဲချတိုက်ခိုက်ခဲ့ကာ ဖိုးသော် အားသာ သော မတ်တပ်ရပ်ကစားကွက်ကို ဖြိုဖျက်ခဲ့သည်။ထိုအချီအလယ်ပိုင်းတွင် Subba သည် ဖိုးသော်၏ အမှားကို အခွင့်ကောင်းယူကာ လည်ပင်းချုပ်ကွက်ဖြင့် သူ့ ပြိုင်ဘက်ကို အရှံးပေးစေခဲ့သည်။

လက်ဝှေ့၊ အာကီဒို နှင့် ကျိုကူရှင်းကရာတေးပညာရပ်များတွင် ကျွမ်းကျင်သောကြောင့် ONE Championship ဖယ်သာဝိတ်တန်းတွင် အကောင်းဆုံး ခြေကန်ကစားသူအဖြစ် အသိအမှတ်ပြုခံထားရသော ဖိုးသော်အနေဖြင့် Subba နှင့်ပွဲကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ယောက်အနေဖြင့် လေ့လာရန်လိုအပ်နေသေးသည်များကို သိရှိလာခဲ့သည်။

ဖိုးသော်သည် မြေပြင်ကစားကွက်ကို အာရုံစိုက်လေ့ကျင့်ခြင်းအားဖြင့် ရှေ့လျှောက်တွင် ပြိုင်ဘက်များ အထူးသတိထားယှဉ်ပြိုင်ရမည့် ကစားသမားတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ 

၃။ ပြည်သူများ၏ တစ်ခဲနက်အားပေးမှု

ဖိုးသော်သည် ပြီးခဲ့သော သောကြာနေ့က ၎င်း၏ ကစားသမားဘဝတစ်လျှောက်၏ အကြီးမားဆုံး ပြိုင်ပွဲ၌ ရှံးနိမ့်ပြီးနောက်တွင် ပရိသတ်များထံမှ နှစ်သိမ့်အားပေးသည့်စာများကို လက်ခံရရှိခဲ့သည်။

အောင်လအန်ဆန်ကို မြန်မာနိုင်ငံသားများချစ်ခင်ကြသလိုပင် ဖိုးသော်သည်လည်း ပြည်သူများ၏ ချစ်ခင် အားပေးမှုကိုခံရကာ ၂၀၁၆ ခုနှစ်တွင် ONE Championship ၌ စတင်ယှဉ်ပြိုင်ပြီးနောက် လူမှုကွန်ရက်တွင် ပရိသတ်အမြောက်အများ ရရှိလာခဲ့သည်။

ဖိုးသော်အပေါ် မြန်မာပြည်သူများက မျှော်လင့်ချက်ကြီးကြီးမားမားထားရှိကြရာ ၎င်းအနေဖြင့်လည်း လူအများ ကို စိတ်ခွန်အားပေးနိုင်အတွက် ONE Championship တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားအဖြစ် နှစ်ပေါင်းများစွာ စိတ်ရောလူပါနှစ်မြှုပ်၍ ကြိုးစားနေခဲ့သည်။

ပြည်သူများထံမှ တစ်ခဲနက် အားပေးထောက်ခံမှုများကြောင့် ဖိုးသော်အနေဖြင့် ရှေ့ဆက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် စိတ်ခွန်အားများအပြည့်အဝရရှိထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly