နိုင်ငံရေးပါတီ အရောင်စုံလာတဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ

နိုင်ငံရေးပါတီ အရောင်စုံလာတဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ

နိုဝင်ဘာ ၄ ။           ။ ကျင်းပပြီးစီးပြီဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁၃ နေရာအနက် အာဏာရပါတီဖြစ်တဲ့ NLD ပါတီက ၇ နေရာနိုင်ထားပြီး အဓိက အတိုက်အခံပါတီ ပြည်ခိုင်ဖြိုးကတော့ ၃ နေရာ အနိုင်ရရှိထားပါတယ်။ 

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ စိတ်ဝင်စားစရာကောင်းတာကတော့ တိုင်းရင်းသား ဒေသ ၅ ခုမှာ NLD ပါတီ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲကော်မရှင်ကတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို နိုဝင်ဘာလ ၄ ရက် နေ့လည်ပိုင်းအထိ တရားဝင်ထုတ်ပြန်အတိပြုပေးတာမျိုးတော့ မရှိသေးပါဘူး။ 

ဒါပေမယ့်လည်း မဲစာရင်းအချက်အလက်တွေနဲ့ ပါတီတွေရဲ့အတည်ပြုချက်အရတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၈ ခုမှာ NLD ပါတီက ၃ နေရာ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နဲ့ ဒေါက်တာအေးမောင်ရဲ့သား တစ်သီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်း တို့က တစ်နေရာစီ အနိုင်ရရှိထားပါတယ်။ 

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ နေရာမှာတော့ NLD ပါတီက ၃ နေရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီက တစ်နေရာ ရရှိထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)ကနေအနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလောင်း စိုင်းဥက္ကာက"ကျောင်းတွင်း ဒီမိုကရေစီ တည်ဆောက်ပေးဖို့နဲ့ ရှမ်းစာပေ အဆင့်မြှင့်တင်သင်ကြားနိုင်ရေးတို့ကို အဓိက လုပ်သွားမယ်။"လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်တစ်နေရာကိုတော့ ပြည်ခိုင်ဖြိုးပါတီက နိုင်ထားပါတယ်။ နောက်ပြီး မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာတစ်နေရာကိုလည်း NLD ပါတီက အနိုင်ရထားပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေအရ မဲဆန္ဒနယ် ၁၃ နေရာမှာ လက်ရှိ အာဏာရပါတီ NLD က ၅၃.၈ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၂၃ ရာခိုင်နှုန်း၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒေါက်တာအေးမောင်ရဲ့သား ဦးတင်မောင်ဝင်းတို့က ၇.၉ ရာခိုင်နှုန်း နိုင်ထားတာကိုတွေ့ရပါတယ်။ 

ဒီကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေဟာ လာမဲ့ နိုင်ငံလုံးကျွတ်ရွေးကောက်ပွဲ ၂၀၂၀ အတွက် ကြိုတင် ပြင်ဆင် ထားစရာခြေလှမ်းဖြစ်တယ်လို့ ပြောဆိုနေကြတာတွေလည်းရှိပါတယ်။ 

NLD ပါတီမှ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့နယ်မြေဖြစ်တဲ့ တမူးမှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ပါတယ်။ အခုလို ရှုံးနိမ့်ခဲ့ရတာဟာ ဘာကြောင့်ပါလဲ။ ဒီရွေးကောက်ပွဲကနေ လာမယ့် ၂၀၂ဝအတွက် ဘာသင်ခန်းစာတွေ ရလိုပါသလဲဆိုတာ အာဏာရပါတီ NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးအောင်ရွှေက အခုလို ပြောပါတယ် ။ 

“ ၂၀၂၀ အတွက် ဘယ်လိုဆက်သွားရင် ကောင်းမလဲဆိုတာ ပါတီအနေနဲ့ တစ်နိုင်ငံလုံး ခြုံပြီးမှ ပြန်လည် သုံးသပ်ဖို့တော့ လိုအပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly