သွားပါများခရီးရောက် မေးပါများစကားရ ( ၈ )

By ငြိမ်းဝေ( ကဗျာ့အိုးဝေ )
04 November 2018
သွားပါများခရီးရောက် မေးပါများစကားရ ( ၈ )

အဲဒီနေ့က စေတုတ္တရာမြို့ကလေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် )  လာရောက်မှာဖြစ်တယ်ဆိုတဲ့သတင်းကြောင့် တမြို့လုံး ယခင်နေ့တွေကထက်ပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာနေတယ်လို့ ယူဆရပါတယ်။

အဲဒီမနက်က တမြို့လုံးမှာမှ သုံးဆိုင်လောက်ပဲရှိတဲ့ လဘက်ရည်ဆိုင်နဲ့ လမ်းဘေးသစ်ပင်ရိပ်တွေမှာ လူတွေ အရင်ကထက်ပိုပြီး များနေပါတယ်။ ကတ္တရာလမ်းအနေနဲ့ တစ်ခုတည်းသော  မြို့လည်လမ်းပေါ်မှာ စေတုတ္တရာမြို့ခံမဟုတ်တဲ့ ကျေးလက်ကတက်လာတဲ့ ဒုက္ခသည်တွေ အုပ်စုလိုက် မိုးမလင်းခင်ကတည်းက ရောက်နေခဲ့ကြတာပါ။ သူတို့ဟာ ရေဘေးကူညီရေးအဖွဲ့တွေက ပေးဝေနေတဲ့ပစ္စည်းတွေလာယူရင်းနဲ့ တချို့ကတော့ ဒေါအောင်ဆန်းစုကြည်လာမယ်ဆိုလို့ လာစောင့်ကြတာဖြစ်မယ်လို့လည်း ယူဆရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ့်ကိစ္စကလည်း ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကနေပြီး  ရေဘေးဒုက္ခသည်တွေကိုပေးဝေမယ့် ဆန်အိတ် ၅၀၀ ကို ဒီကနေ့ပဲ သူကိုယ်တိုင် ပေးဝေလှူဒါန်းမယ်လို့လည်း သိရပါတယ်။ မြိ့လည် ဓမ္မာရုံမှာ အဲဒီဆန်အိတ် ၅၀၀ ယမန်နေ့ကတည်းက ရောက်ရှိနေပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်မယ်ဆိုတဲ့သတင်းက သေချာသလောက်လည်း ရှိပါတယ်။ ဒီကနေ့မနက်ခတ်စေစောစောမှာပဲ မဇ္ဖျိမလှိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလွင်တို့ရဲ့ ပန်းရဲ့လမ်း ဂီတအဖွဲ့ဟာ စေတုတ္တရာကိုရောက်လာတာတွေ့ရတော့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မယ်ဆိုတဲ့သတင်းက သေချာသလောက်ဖြစ်လာပါတယ်။ အဲဒီတုန်းက ပန်းရဲ့လမ်းဂီတအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တနိုင်ငံလုံးလှည့်ပြီး မဲဆွယ်စည်းရုံးပေးနေတဲ့အချိန်ပါ။

မနက် ကိုးနာရီလောက်ရှိတော့ စေတုတ္တရာဘေးပတ်လည်မှာရှိတဲ့ ကျေးရွာအသီးသီးကနေပြီး စက်လှေတွေနဲ့တမျိုး၊ ခြေလျင်တဖုံ လူတွေအုပ်စုလိုက် ရောက်လာကြပါတယ်။ မြိ့အဝင်လမ်းထိပ်ကနေပြီး ဒီဘက်မြို့အစွန် ဘောလုံးကွင်းရှေ့အထိ လူတွေနဲ့ ပြည့်သွားပါတယ်။ လူအများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကလေးတွေကိုင်တဲ့သူကကိုင်ပြီး လူငယ်အများစုကတော့ အဖွဲ့ချုပ်နဖူးစီးကိုယ်စီနဲ့ မြို့လည်ဓမ္မာရုံတဝိုက်မှာ ရောက်လာကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ မြို့လည်ဓမ္မာရုံအတွင်း လူအုပ်ကိုဖြတ်ပြီးမှ ဝင်ကြရပါတယ်။ စောင့်နေတဲ့လူထုကို စကားအနည်းငယ်ပြောပါတယ်။ စည်းကမ်းရှိကြဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစိီရအောင်ဆောင်ရွက်ကြဖို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့့ချုပ်ကို မဲပေးကြဖို့ ဆော်အောသွားခဲ့ပါတယ်။ နာရီဝက်လောက်စကားပြောပြီး ချက်ချင်းဆိုသလိုပဲ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ လာလမ်းအတိုင်းပြန်သွားကြပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း ရေဘေးဒဏ်ထိတဲ့ကျေးရွာစုစုပေါင်းဟာ ၃၆ ရွာရှိပါတယ်။ ဒီအထဲက ခြင်ပစ်ကိုင်းရွာ၊ ငလဲရွာနဲ့ ပွင့်တောက်ရွာ ၃ ရွာကတော့ ရွာကိုလုံးဝစွန့်လိုက်ကြရပြီး နီးစပ်ရာ ကုန်းမြင့်တွေမှာ ယာယီနေထိုင်ရင်း ရွာနေရာသစ်ရှာပြီးမှ အပြီးအပိုင်ပြောင်းရွှေ့နေကြရတော့မယ့် အခြေအနေအထိ ရေဘေးဒဏ်ခံကြရပါတယ်။ ခြင်ပစ်ကိုင်းရွာက စေတုတ္တရာနဲ့နီးပြီး မုန်းဆည်ကြီးအောက်မှာရှိတာမို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရွာအထိရောက်လာကူညီနိုင်ကြပေမယ့် ငလဲနဲ့ ပွင့်တောက်ရွာကတော့ သွားရေးလာရေးအင်မတန်ခက်ခဲနေသေးတာမို့ ကူညီကယ်ဆယ်ရေးတွေ လက်လှမ်းမမီသေးတဲ့ရွာတွေ ဖြစ်နေပါသေးတယ်။

စေတုတ္တရာမြို့မှာ ယာယီကူညီကယ်ဆယ်ရေးစခန်းအနေနဲ့ကလည်း လက်ရှိ ရေဘေးသင့်ကျေးရွာတိုင်းကို ထိိရောက်တဲ့အကူအညီတွေ ပေးနိုင်ခြင်းမရှိသေးပါဘူး။ သောက်သုံးရေနဲ့ ဆန်ကိုပဲ အဓိကထား ရှာကြံလှူဒါန်းနိုင်ဖို့နဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ကျေးရွာတွေအထိ ဆက်သွယ်ကူညီနိုင်ဖို့ စက်လှေနဲ့ လူအင်အား နည်းလွန်းနေပါတယ်။ စက်လှေရှာလို့ရပြန်တော့လည်း မုန်းချောင်းရေပြန်ကျပြီး နုံးတွေတင်ကျန်ရစ်ခဲ့တာမို့ ရွာခြေအထိ စက်လှေကပ်လို့မရတာကြောင့် ခါးအထိလောက်ရောက်တဲ့နုံးတောထဲ ဆန်အိတ်ထမ်းပြီး ပို့ပေးရတဲ့အလုပ်ဟာ အန္တရယ်ကြီးပြီး ခရီးမတွင်ဖြစ်နေပါတယ်။ အမှန်အတိုင်းပြောရရင် မုန်းချောင်းရေဘေးအတွက် တာဝန်ရှိသူတွေဆီက ထိရောက်တဲ့ အကူအညီ ဘာတစ်ခုမှ မရရှိခဲ့ပါဘူး။ တနိုင်ငံလုံးက လာလှူတဲ့ ပစ္စည်းမျိုးစုံကို ဘောလုံးကွင်းထဲက ပွဲကြည့်စင်ရှေ့ချပြီး အဆင်ပြေသလိုသာ တဆင့်ဖြန့်ဝေကူညီတဲ့အလုပ်တစ်ခုကိုပဲ သိခဲ့မြင်ခဲ့ကြရပါတယ်။  ဘယ်လိုပဲဖြစ်ပစေ ကြုံတွေ့ရတဲ့ ဒုက္ခက ကြီးပြီး ကူညီကယ်ဆယ်ရေးကတော့ ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲရှိခဲ့တာ အားလုံးအသိပါပဲ။

စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂၁ ရွာရှိတဲ့အနက် ကျေးရွာ ၄၀ နီးပါး ရေဘေးဒဏ်ခံကြရပါတယ်။ ကျေးရွာစုစုပေါင်းရဲ့ သုံးချိုးတစ်ချိုးနည်းပါး ရေဘေးဒဏ်ခံကြရတာပါ။ ဒီအထဲ စေတုတ္တရာမြို့ကိုယ်တိုင်ကလည်း တမြို့လုံးနီးပါး ရေဘေးထိပါတယ်။ 

၂၀၁၅ ခု အဲဒီရေဘေးမှာ ကြေကွဲဖို့ကောင်းတဲ့ရွာကလေးတစ်ရွာအကြောင်းလည်း ပြောပြချင်ပါတယ်။ ပွင့်တောက်ရွာလို့ သိရပါတယ်။ ဒီရွာဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကလည်း မုန်းဆည်ကြီးတည်စဉ်က ဆည်ရေလှောင်ဧရိယာနဲ့မလွတ်လို့ဆိုပြီး ရွာနေရာပြောင်းပေးခဲ့ရတဲ့ရွာပါပဲ။ ( ဒီတုန်းကလည်း အခု မုန်းချောင်းရေကြီးလို့ ရေဘေးဒဏ်ထိ ကျေးရွာအများစုဟာ မုန်းဆည်ကြီးတည်စဉ်တုန်းက ပွင့်တောက်ရွာလိုပဲ ရွာနေရာပြောင်းပေးခဲ့ကြရတဲ့ ရွာတွေပါပဲ။) အခုတစ်ခါ အဲဒီပြောင်းပေးခဲ့ရတဲ့ရွာနေရာမှာ စိုက်လို့ပျိုးလို့ အခြေကျကာစ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာဦးစေတီ တည်ပြီးလို့မှ မကြာသေးဘူး ရေဘေးဒဏ်ထိလို့ ရွာပျက်သွားရပြန်တော့ ဒီပွင့်တောက်ရွာကလေးရဲ့ဒုက္ခဟာ အင်မတန်ကြီးတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒီကြားထဲ ရေဘေးဒဏ်ထိတဲ့ရွာချင်းချင်းအတူတူတောင် ရေကြီးပြီးလို့ တစ်ပါတ်ကျော်တဲ့အထိ ကူညီကယ်ဆယ်ရေး ရေသန့်တစ်ဗူးလောက်တောင်မှ သူတိုရွာဆီမရောက်လာနိုင်သေးတဲ့အဖြစ်မျိုးမို့ တော်တော်ကြေကွဲဖို့ကောင်းတဲ့ရွာဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပဲ စေတုတ္တရာ ရေဘေးကူညီရေးလုပ်နေတဲ့ လူငယ်တစ်ဦးနဲ့တိုင်ပင်ပြီး ဒုက္ခတွေပင်လယ်ဝေနေတဲ့ ပွင့်တောက်ရွာကလေး ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ ဆက်လက်ပါဝင်ကူညီဖို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်။ ဒါမှမဟုတ် ပွင့်တောက်ရွာသစ်တည်ဆောက်ရေးလုပ်ငန်းမှာ တတပ်တအား အားဖြည့်ကူညီဖို့ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။

ကဲ စာဖတ်သူများ စေတုတ္တရာ ခရီးသွားဆောင်းပါး ဒီမှာတင် ရပ်နားခွင့်ပြုပါ။ 

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတ ကြွယ်ဝနိုင်ကြပါစေခင်ဗျား။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly