နေရှင်နယ်လိဂ်တွင် ရန်ကုန်၊ ကမ္ဘောဇတို့ ရှုံးပွဲကြုံကာ ရတနာပုံ၊ ဧရာဝတီ၊ ဇွဲကပင်တို့ နိုင်ပွဲရ

နေရှင်နယ်လိဂ်တွင် ရန်ကုန်၊ ကမ္ဘောဇတို့ ရှုံးပွဲကြုံကာ ရတနာပုံ၊ ဧရာဝတီ၊ ဇွဲကပင်တို့ နိုင်ပွဲရ
ရန်ကုန်နှင့် မကွေးအသင်းတို့ အကြိတ်အနယ်ကစားစဉ်။(ဓာတ်ပုံ - Yangon United)
 

စက်တင်ဘာ ၂၅၊ ရန်ကုန်။               ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ပွဲစဉ်များကို စက်တင်ဘာ ၂၃၊ ၂၄ ရက်များက ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်း၊ ကမ္ဘောဇအသင်းတို့မှာ ရှုံးပွဲကြုံတွေ့ခဲ့ပြီး ရတနာပုံအသင်း၊ ဧရာဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ မှာ နိုင်ပွဲ ကိုယ်စီရခဲ့သည်။

ဇယားထိပ်မှ ရန်ကုန်အသင်းသည် မကွေးအသင်းကို အိမ်ကွင်း၌ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းနှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့သည်။

နည်းပြချုပ်အပြောင်းအလဲ ပြုလုပ်ထားသော ရန်ကုန်အသင်းသည် လိဂ်ပွဲစဉ် မကုန်ခင်၌ပင် ချန်ပီယံဖြစ်ရန် ရမှတ် အနည်းငယ်သာ လိုသော်လည်း  နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့မှုများကြောင့် ချန်ပီယံဖြစ်ရန် နှောင့်နှေးသွားခဲ့သည်။

ရတနာပုံအသင်း မှာ အိမ်ကွင်းတွင် ဟံသာဝတီအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ရမှတ် ၃၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။

ရန်ကုန်အသင်းကို အနိုင်ရခဲ့သော မကွေးအသင်းမှာ စုစုပေါင်း ရမှတ် ၃၃ မှတ်ဖြင့် ဧရာဝတီအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

အလားတူ ဧရာဝတီ အသင်းမှာလည်း အိမ်ကွင်းတွင် ချင်းယူနိုက်တက်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆင့် ၄ တွင် ရပ်တည်နေသည်။

အဆင့် ၅ နေရာမှ ကမ္ဘောဇအသင်းသည် ပွဲစဉ် ၁၉ တွင် တန်းဆင်းဇုန် အန္တရာယ်ရှိနေသော ဇွဲကပင်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဆင့် ၅ နေရာ၌ပင် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။

ပွဲစဉ် ၁၉ အခြားပွဲရလဒ်များတွင် မနောမြေ အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ တစ်ဖက်တစ်ဂိုးစီ သရေ၊ ဇေယျာရွှေမြေအသင်းနှင့် နေပြည်တော်အသင်းတို့မှာ လည်း တစ်ဖက် သုံးဂိုးစီဖြင့် သရေကျခဲ့သည်။

အမှတ်ပေးဇယား အဆင့် ၆ နေရာတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၁၉ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၇ နေရာတွင် ဇေယျာရွှေမြေအသင်းက ရမှတ် ၁၈ မှတ်ဖြင့် ရပ်တည်နေသည်။

အလားတူ အဆင့် ၈၊ ၉ နေရာများတွင်လည်း ဇွဲကပင်အသင်းနှင့် နေပြည်တော်အသင်းတို့က ရမှတ် ၁၇ မှတ်စီဖြင့် ရပ်တည်နေပြီး အဆင့် ၁၀၊ ၁၁၊ ၁၂ နေရာများတွင် ဟံသာဝတီအသင်း၊ မနောမြေအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ရမှတ် ၁၅ မှတ်စီဖြင့် အစဉ်လိုက် ရပ်တည်နေကြသည်။

နေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် လေးပွဲ ကျန်ရှိနေပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာမှ အဆင့် ၁၂ နေရာအတွင်း ရပ်တည်နေ သော အသင်းခုနစ်သင်းတို့မှာ တန်းဆင်း အန္တရာယ် ကိုယ်စီရှိနေကြသည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ရလဒ်များ

ရတနာပုံ ၃-၂ ဟံသာဝတီ
ရန်ကုန်   ၂-၃   မကွေး
မနောမြေ  ၁-၁    မကွေး
ဇွဲကပင်   ၂-၁   ကမ္ဘောဇ
ဧရာဝတီ   ၄-၁    ချင်းယူနိုက်တက်
ဇေယျာရွှေမြေ   ၃-၃   နေပြည်တော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly