နီပေါ ဖွဲ့စည်းပုံဆန့်ကျင်သူများက အိန္ဒိယနှင့် ကုန်သွယ်လမ်းကြောင်းကို ပိတ်ဆို့ဆန္ဒပြ

နီပေါ ဖွဲ့စည်းပုံဆန့်ကျင်သူများက အိန္ဒိယနှင့် ကုန်သွယ်လမ်းကြောင်းကို ပိတ်ဆို့ဆန္ဒပြ

ခတ်မန်ဒူ၊ စက်တင်ဘာ-၂၅ ။         ။ နိုင်ငံ၏ ဖွဲ့စည်းပုံအသစ်အပေါ် မကျေမနပ်ဒေါသများ ပြင်းထန်လာသည်နှင့် အမျှ ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာက စက်တင်ဘာ ၂၅ ရက်နေ့တွင် အိန္ဒိယနှင့် နီပေါကြားရှိ အဓိက ကုန်သွယ်စခန်းတစ်ခုကို ပိတ်ဆို့ကာ ကုန်းပိတ် ဟိမဝန္တာနိုင်ငံသို့ အရေးကြီးသည့် အထောက်အပံ့များကို ဖြတ်တောက်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

ဆန့်ကျင်ဆန္ဒပြသူများမှာ မဒက်ဆီလူမျိုးစုဝင်များ ဖြစ်ကြပြီး စက်တင်ဘာ ၂၀ရက်နေ့က အတည်ပြုပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံဥပဒေအသစ်အရ နိုင်ငံကို ဖက်ဒရယ်ပြည်နယ်ကြီး ၇ ခုအဖြစ် ပိုင်းခြားမည့် အစီအစဉ်များကို ဒေါသူပုန်ထ ဆန့်ကျင်နေကြခြင်းပင် ဖြစ်သည်။

မဒက်ဆီနှင့် သာရူမျိုးနွယ်စုများမှ ဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ဖြစ်ပွားသည့် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်သော အဓိကရုဏ်းများတွင် အနည်း လူ၄၀ကျော် သေဆုံးခဲ့ရပြီဖြစ် သည်။ ပြည်တွင်းနယ်နိမိတ်အသစ်များအရ ၎င်းတို့အနေဖြင့် ပါလီမန်တွင် ကိုယ်စားပြုမည့်သူမရှိဖြစ်စေသည်ဟု တိုင်းရင်းသား လူနည်းစုများက ပြောကြားကြသည်။

 ''နယ်စပ်ဖြတ်သန်းမှုကို ညကတည်းက ကျနော်တို့ ပိတ်ဆို့လိုက်တာပါ။ အစိုးရက ကျနော်တို့အသံကို နားမထောင်သရွေ့၊ ဖွဲ့စည်းပုံထဲက နယ်နိမိတ်အသစ်တွေကို မပြောင်းလဲသေးသရွေ့ ကျနော်တို့ ဖယ်ပေးမှာ မဟုတ်ဘူး''ဟု ဒေသခံ ဆတ်ဘာဝဏ္ဏပါတီ၏ အထွေထွေအတွင်းရေးမှူး ရှီဗာ ပတဲက ပြောကြားခဲ့သည်။

ဆန့်ကျင်ဆန္ဒပြသူများက နီပေါသို့ ဆီနှင့် အစားအစာများဝင်ရောက်ရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် မြို့တော် ခတ်မန်ဒူမှ ကီလိုမီတာ ၉၀အကွာရှိ ဘာဂွန်မြို့ကလေးမှ ကုန်သွယ်ရေးစခန်းကို ပိတ်ဆို့လိုက်ကြခြင်းပင်ဖြစ်သည်။

''အစိုးရက ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို နားလည်လာစေဖို့ နောက်ဆုံးနည်းအနေနဲ့ ပိတ်ဆို့ရတာပါ''ဟု ရှီဗာ ပတဲက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly