နှစ်နိုင်ငံ အငြင်းပွားနယ်စပ် တစ်လျှောက်ရှိ တရုတ်ပိုင် အဆောက်အအုံကို အိန္ဒယတပ်ဖွဲ့က ဖြိုချမှုသတင်းအပေါ် တရုတ်စိုးရိမ်

နှစ်နိုင်ငံ အငြင်းပွားနယ်စပ် တစ်လျှောက်ရှိ တရုတ်ပိုင် အဆောက်အအုံကို အိန္ဒယတပ်ဖွဲ့က ဖြိုချမှုသတင်းအပေါ် တရုတ်စိုးရိမ်

ပေကျင်း၊ စက်တင်ဘာ-၂၅ ။        ။ နှစ်နိုင်ငံ ပြိုင်ဆိုင်နေသည့် နယ်စပ်တစ်လျှောက်ရှိ တရုတ်က တည်ဆောက်ထားသည့် အဆောက်အအုံများကို အိန္ဒိယတပ်ဖွဲ့များက ဖြိုချပစ်နေသည့် သတင်းများအပေါ် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက စိုးရိမ်ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

လာဒက်ဒေသရှိ ထိန်းချုပ်မျဉ်း၏ ၎င်းတို့ဘက်ခြမ်းတွင် တွေ့ရှိရသော နာရီစင်နှင့် အလားသဏ္ဍန်တူသည့် အဆောက်အအုံတစ်ခုကို အိန္ဒိယတပ်ဖွဲ့များက ဖြိုချပစ်ခဲ့သည်ဟု Times of India သတင်းစာ ကဖော်ပြခဲ့သည်။ အခြားမီဒီယာများကမူ တဲတစ်လုံးသာဖြစ်သည်ဟု ဆိုသည်။

ကီလိုမီတာ ၃၅၀၀ (၂၁၇၅မိုင်) ရှည်လျားသည့် နယ်စပ်တစ်လျှောက် အစိတ်အပိုင်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောကွဲလွဲမှုက ၁၉၆၂ခုနှစ်တွင် တိုတောင်းသော စစ်ပွဲတစ်ပွဲအဖြစ်သို့ ဦးတည်သွား ခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ မေးမြန်းသည့်အခါတွင် နယ်စပ်တစ်လျှောက်တွင် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းထားရန် နှစ်နိုင်ငံစလုံးမှခေါင်းဆောင်များ သဘောတူခဲ့ကြပြီးဖြစ်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝူကျိယန်က ပြောကြားခဲ့သည်။  

''သက်ဆိုင်ရာဒေသမှာ အိန္ဒိယစစ်တပ်ရဲ့ လှုပ်ရှားမှုဟာ နှစ်ဖက်စလုံးက လက်ခံထားတဲ့ သဘောတူညီချက်နဲ့ မကိုက်ညီပါဘူး''ဟု ဝူက ပုံမှန်လစဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''အိန္ဒိယစစ်တပ်အနေနဲ့ သဘောတူညီချက်အတိုင်း တာဝန်သိသိ အကောင်အထည်ဖော်ဖို့ တောင်းဆိုပါတယ်။ နယ်စပ်အခြေအနေကို ထိခိုက်နိုင်တဲ့ တစ်ဖက်သတ် လှုပ်ရှားမှုမျိုးကို မလုပ်သင့်ပါဘူး။ တရုတ်စစ်တပ်နဲ့အတူ နယ်စပ်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းသင့်ပါတယ်''ဟု ဝူက ထပ်လောင်းပြောကြားခဲ့သည်။
 
ဟိမဝန္တာ အရှေ့ပိုင်းရှိ အိန္ဒိယနှင့် အငြင်းပွားနေသည့် စတုရန်းကီလိုမီတာ ၉၀၀၀၀ (စတုရန်းမိုင် ၃၅၀၀၀) ကျယ်ဝန်းသည့် နယ်မြေကို တရုတ်က ပိုင်ဆိုင်ကြောင်း ပြောဆိုထားသော်လည်း ထိုနယ်မြေ၏ အစိတ်အပိုင်းအတော်များများမှာ အန္ဒိယ၏ အရူနာချာ ပရာဒက်ရှ် ပြည်နယ်အတွင်းတွင် ပါဝင်နေပြီး တရုတ်က ယင်းကို တောင်တိဗက်ဟု ခေါ်တွင်နေသည်။

သို့ရာတွင် တိုးတက်မှု တစ်စုံတစ်ရာမရှိသည့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် အရေးနိမ့်သွားခဲ့သော်လည်း နျူကလီးယားလက်နက်ပိုင် နှစ်နိုင်ငံမှာ အငြင်းပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly