အိဒ်နေ့တွင် ကွာလာလမ်ပူမြို့လယ်ကို အကြမ်းဖက်နိုင်ဖွယ်ရှိဟု အမေရိကန်နှင့် သြစတြေးလျ သံရုံးများက သတိပေး

အိဒ်နေ့တွင် ကွာလာလမ်ပူမြို့လယ်ကို အကြမ်းဖက်နိုင်ဖွယ်ရှိဟု အမေရိကန်နှင့် သြစတြေးလျ သံရုံးများက သတိပေး

ကွာလာလမ်ပူ၊ စက်တင်ဘာ-၂၅ ။       ။ ကွာလာလမ်ပူ၏ နာမည်ကျော် ဈေးတန်းလမ်းကို အကြမ်းဖက်သမားများက တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း မလေးရှားရှိ အမေရိကန်နှင့် သြစတြေးလျသံရုံးများက သတိပေးခဲ့သည်။

အမေရိကန်သံရုံးက ယုံကြည်နိုင်လောက်သည့် ခြိမ်းခြောက်သော သတင်းတစ်ခု ရထားကြောင်း ပြောကြားပြီး အမေရိကန်နိုင်ငံသားများအား မြို့တော်ဗဟို ဈေးဝယ်နေရာအတွင်းရှိ အလောလမ်းနှင့် အနီးတစ်ဝိုက်ကို ရှောင်ကြဉ်ကြရန် အကြံပြုတိုက်တွန်းထားသည်။ သြစတြေးလျသံရုံးကလည်း အမေရိကန်၏ အန္တရာယ်သတိပေးချက်ကို အခြေခံပြီး ၎င်း၏ နိုင်ငံသားများကိုလည်း အလားတူ တပ်လှန့်နှိုးဆော်ထားသည်။

သတိပေးချက်တွင် အတိတ်တစ်ချိန်ကလည်း အကြမ်းဖက်သမားများက အရေးကြီးသော အထိမ်းအမှတ်နေ့များနှင့် တိုက်ဆိုင်၍ တိုက်ခိုက်မှုများကို ကြံစည်လေ့ရှိကြောင်း ထောက်ပြထားသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

စက်တင်ဘာ ၂၅ရက်နေ့ နှောင်းပိုင်းတွင် ကြေညာချက်ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်းတွင် မလေးရှားက အိုင်အက်စ်အကြမ်းဖက်အုပ်စုကို ထောက်ခံသူ ၁၀၀ကျော်ကို ဖမ်းဆီးခဲ့ရာ အချို့မှာ ပြည်တွင်းတွင်ပင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်နေသူ များဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့အထဲတွင် အစိုးရဝန်ထမ်းများနှင့် လုံြ့ခုံရေးတပ်ဖွဲ့ဝင်များပင် ပါဝင်နေသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ စစ်သွေးကြွများအတွက် ရံပုံငွေရှာဖွေမှု၊ မလေးရှားနိုင်ငံသားများကိုစည်းရုံးသိမ်းသွင်းမှု၊ ကွာလာလမ်ပူနှင့် အခြားအချက်အခြာကျသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် လက်နက်များ စုဆောင်းထားမှုများကဲ့သို့သော ပြစ်မှုများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်အထိ မလေးရှားတွင် မည်သို့သော တိုက်ခိုက်မှုမျှ မဖြစ်ပွားသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly