ဘန်ကောက် ဗုံးဖောက်ခွဲမှု ဖမ်းဆီး ခံထားရသူ အပြစ်ရှိကြောင်း ဝန်ခံ

ဘန်ကောက် ဗုံးဖောက်ခွဲမှု ဖမ်းဆီး ခံထားရသူ အပြစ်ရှိကြောင်း ဝန်ခံ

ဘန်ကောက်၊ စက်တင်ဘာ ၂၅။ ။ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ အီရာဝမ်ဟိန္ဒူနတ်ကွန်းတွင် သြဂုတ် ၁၇ ရက်က ဗုံးဖောက်ခွဲမှုဖြင့် ပထမဆုံး ဖမ်းဆီးခံထားရသူ အာဒန်ကာရာဒက်က ဗုံးဖောက်ခွဲမှုကို မိမိပြုလုပ်ကြောင်း ဝန်ခံလိုက်သည်ဟု ရဲများက ပြောကြားထားကြောင်း သိရသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုတွင် လူ ၂၀ ဦး သေဆုံးခဲ့ပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ကာရာဒက်ခေါ် ဘီလယ်မိုဟာမက်က နတ်ကွန်းအနီး ဗုံးပါသော ကျောပိုးအိတ်ကို ထားခဲ့ပြီးနောက် ဆိုင်ကယ် တက္ကစီတစ်စီးဖြင့် လုမ္ဗနီပန်းခြံသို့ ထွက်ခွာခဲ့ပြီး ဆံပင်တု၊ မျက်မှန်နှင့် လက်ပတ်တို့ကို ချွတ်ထားခဲ့ကြောင်း ရဲများကို ထွက်ဆိုခဲ့ကြောင်း စုံစမ်းရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။ အီရာဝမ်နတ်ကွန်းမျ အနည်းငယ်သာ ကွာဝေးသည့် လုမ္ဗနီ ပန်းခြံအတွင်းရှိ ရေအိမ်တွင် တပ်ဆင်ထားသည့် လုံခြုံရေးကင်မရာကို စစ်ဆေးရာတွင်လည်း ကာရာဒက် ဖြစ်နိုင်ဖွယ်ရှိသူတစ်ဦးကို တွေ့ရှိခဲ့သည်ဟု ရဲများက ပြောကြားသည်။

သူ၏ ထွက်ဆိုချက်များကို အတည်ပြုနိုင်ရန် ရဲများက ဗုံးဖောက်ခွဲမှုနှင့် ဆက်စပ်သည့် နေရာများကို ခေါ်ဆောင်ကာ စစ်ဆေးလျက်ရှိသည်။ သို့သော် ကာရာဒက်၏ ရှေ့နေဖြစ်သူ ချူချတ်ကန်ပိုင်က သူ၏အမှုသည်က ဗုံးဖောက်ခွဲမှုကို မကျူးလွန်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။ ကာရာဒက်အနေဖြင့် ယခုကဲ့သို့ ထွက်ဆိုထားကြောင်း ရဲများ၏ ထုတ်ပြန်ချက်ကိုလည်း ရှေ့နေက ကန့်ကွက်ထားသည်။

ထိုင်းရဲချုပ် ဆွန်ယွတ်ပွန်ပန်မောင်က ကာရာဒက်သည် ဗုံးခွဲသူဖြစ်ကြောင်း အတည်ပြုရန် ငြင်းဆိုထားသော်လည်း ရဲများတွင် ထိုသို့ ကောက်ချက်နိုင်ရန် ခိုင်လုံသည့်အထောက်အထား ရှိနိုင်ကြောင်း ပြောကြားသည်။ "ထိုင်းရဲတွေက ကမ္ဘာပေါ်မှာ အတော်ဆုံးပါ။ သူတို့မှာ အထောက်အထားရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ဒီထက် ပိုမပြောနိုင်ပါဘူး" ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly