မက္ကာ ဟာ့ဂျ်ဘုရားဖူူးပွဲတော်တွင် လူအုပ်ပြိုမှုကြောင့် လူ ရ၀၀ကျော်သေဆုံး ၉၀၀နီးပါး ဒဏ်ရာရ

မက္ကာ ဟာ့ဂျ်ဘုရားဖူူးပွဲတော်တွင် လူအုပ်ပြိုမှုကြောင့် လူ ရ၀၀ကျော်သေဆုံး ၉၀၀နီးပါး ဒဏ်ရာရ

မက္ကာ၊ စက်တင်ဘာ-၂၅ ။                ။ ဆော်ဒီအာရေဗျနိုင်ငံတွင် မက္ကကာသို့ တစ်နှစ်တစ်ခါ လာရောက်ကြသည့် ဟာ့ဂျ်ဘုရားဖူးများ ဓလေ့ထုံးစံ အခမ်းအနားတစ်ခု ပြုလုပ်နေစဉ်အတွင်း လူအုပ်ပြိုမှုဖြစ်ပွားရာ လူပေါင်း ၇၀၀ကျော် သေဆုံးခဲ့ရပြီး ၉၀၀နီးပါးမျှ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

အစ္စလာမ်အထွတ်အမြတ်မြို့တော် မက္ကာ၏ မြင့်မြတ်သောနေရာမှ ၂မိုင်အကွာ မီနာ ယာယီတဲစခန်းမြို့တွင် နတ်ဆိုးကို ကျောက်တုံးဖြင့် ပစ်ခတ်မောင်းထုတ်ခြင်းဟု လူသိများသည့် ဓလေ့ထုံးစံတစ်ခုကို ပြုလုပ်နေစဉ်အတွင်း စက်တင်ဘာ ၂၄ရက် နံနက်ပိုင်းတွင် လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်သည်။

CNN Arabics က ရိုက်ယူထားခဲ့သည့် ဗွီဒီယိုမြင်ကွင်းတွင်မူ စိတ်နှလုံးမချမ်းမြေ့ဖွယ် မြင်ကြရသည်။ တစ်ခုပေါ်တစ်ခု ပုံထပ်နေသည့် ခန္ဓာကိုယ်များ။ တစ်ချို့က အနည်းငယ် လှုပ်ရှားနေသော်လည်း အများစုမှာ အသက်ကင်းမဲ့နေပုံ ပေါ်နေသည်။ ဦးထုပ်မာနှင့် ရောင်ပြန်အင်္ကျ ီများနှင့် ကယ်ဆယ်ရေးလုပ်သားများက အသက်မရှိတော့သည့် ရုပ်အလောင်းများကို အသက်ရှင်နေသေးသူများထံပါးမှ ဆွဲထုတ်နေကြသည်။

 အတိတ်နှစ်များအတွင်းကလည်း အလားတူအခန်းအနားတွင် ရာပေါင်းများစွာ သေဆုံးခဲ့ရဖူးပြီး မက္ကာရှိ  မဟာဗလီတွင် လူပေါင် ၁၀၀ကျော်သေဆုံးခဲ့ရသည့် ကရိန်းပြိုကျမှုဖြစ်ပွားပြီးနောက် ၁၃ရက်အကြာတွင် ယခုလူအုပ်ပြိုမှု ဖြစ်ပွားလာခြင်းပင် ဖြစ်သည်။

လူပေါင်း ၁၄၂၆ဦး သေဆုံးခဲ့ရသည့် ၁၉၉၀ခုနှစ် ဖြစ်ရပ်နောက်ပိုင်းတွင် ယခု လူအုပ်ပြိုမှုမှာ အသေအပျောက် အများဆုံး ဖြစ်သည်။

အရပ်ဖက် ကာကွယ်ရေးအာဏာပိုင်များ၏ ပြောကြားချက်အရ လတ်တလောအချိန်အထိ ၇၁၇ယောက် သေဆုံးခဲ့ပြီဖြစ်ပြီး ၈၆၃ယောက်မှာ ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု သိရှိရသော်လည်း အရေအတွက်မှာ အချိန်နှင့်အမျှ မြင့်တက်လာနေသည်ဟု ဆိုသည်။

ဤရင်နင့်ဖွယ် ကြမ္မာငင်မှုကို တုန့်ပြန်သည့်အနေဖြင့် အာဏာပိုင်များက မီနာတွင် လူနာတင်ကား အစင်း၂၀၀နှင့်အတူ ကယ်ဆယ်ရေးလုပ်သား ၄၀၀၀ကို ဖြန့်ချထားသည်ဟု ဆိုသည်။

မွတ်စလင် ဓလေ့ထုံးတမ်းအရ တမန်တော် အဗရာဟမ်က နတ်ဆိုးကို ကျောက်တုံးဖြင့် ပစ်ပေါက်ပြီး သွေးဆောင်ဖြားယောင်းမှုကို ငြင်းဆန်ခဲ့သည်ကို ပြန်လည်သရုပ်ဖော်သည့်အနေဖြင့် ဘုရားဖူးလူအုပ်များက တိုင်သုံးတိုင်ကို ကျောက်တုံးများဖြင့် ပစ်ခတ်စဉ်အတွင်း လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

ဆော်ဒီပရပစ်အေဂျင်စီ၏ ပြောကြားချက်အရ အိမ်ရှေ့မင်းသား မိုဟာမတ် ဘင် နာယက် ဘင် အဗ္ဗဒူလာဇစ်က အရေးပေါ်အစည်းအဝေး ခေါ်ယူ၍ လူအုပ်ပြိုမှုအကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly