မြန်မာ့ ရေအရင်းအမြစ် စနစ်တကျ စီမံခန့်ခွဲရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး သတိပေး

မြန်မာ့ ရေအရင်းအမြစ် စနစ်တကျ စီမံခန့်ခွဲရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး သတိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၅။        ။ စိုက်ပျိုးရေးကို အဓိကထားပြီး လယ်ယာစိုက်ပျိူးသူ ရာခိုင်နှုန်း ၇၀ ကျော်ရှိနေသည့် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲရန်နှင့် ရေနည်းနည်းသုံးပြီး သီးနှံများများထွက်သည့် စနစ်ကို ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီရယ် ဇွန်ရှိုင်းက တိုက်တွန်းလိုက်သည်။

"ရေနည်းနည်းပဲထည့်ပြီး သီးနှံများများထွက်ရမယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ စွမ်းအင် နည်းနည်းပဲသုံးပြီး သီးနှံများများထွက်ရမယ်။ ဒါကို စီးပွားရေး ရှုထောင့်ကနေ ချဉ်းကပ်ရမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အတော်များများက လယ်သမားတွေရဲ့ လက်ထဲမှာပဲ ရှိသေးတယ်တယ်လို့ ထင်တယ်။ ကျနော်ဆိုလိုတာကို ရေအရင်းမြစ်ကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာပါ။ မြစ်တွေကနေ ရေကို လိုအပ်တဲ့နေရာတွေဆီ အရောက်ပို့မလဲ။ အဲဒီရေဟာ သန့်လည်းသန့်ရမယ်၊ အရည်အသွေးလည်းကောင်းရမယ်။ မိုးရာသီမှာရော အခြားရာသီတွေမှာမှာ လူတွေ ရေကို လုံလုံလောက်လောက် ရနေအောင် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာပါ" ဟု အစ္စရေး သံအမတ်ကြီးက ပြောသည်။

ရေသည် မကုန်နိုင်သည့် အရာဟု မသတ်မှတ်ဘဲ ခြိုးခြံအသုံးပြုရန်လိုအပ်နေသည်ဟုလည်း အစ္စရေးနိုင်ငံ၏ အတွေ့အကြံအပေါ် အခြေခံလျက် သူကဆိုသည်။

"ခင်ဗျားတို့ သိတဲ့အတိုင်း အစ္စရေးရဲ့ ရေရှားပါးမှုမှာ အခြေခံပါတယ်။ ရေကို ပိုပြီးရလာအောင် ကျနော်တို့ဟာ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ရပါတယ်။ ပြန်သန့်ထားတဲ့ရေကို အသုံးပြုခဲ့ရတယ်။ စိုက်ပျိုးရေးသာမက အရပ်ဖက်သုံးနဲ့ စက်မှုလုပ်ငန်းတွေမှာ ရေကို ပိုပြီး ထိထိရောက်ရောက်ဖြစ်အောင် သုံးဖို့ လိုအပ်တယ်" ဟု သူက အကြံပြုသည်။

မြန်မာနိုင်ငံအတွင်း ရေပေးဝေသည့် စနစ်နှင့် လယ်ယာကိုင်းကျွန်းများသို့ သွယ်တန်းသည့် စနစ်တွင်လည်း ရေကို အလေအလွင့် မရှိအောင် စီမံခန့်ခွဲရန် သတိပေးခဲ့ပြီး "ရေကို ဓနဥစ္စာတစ်ရပ်လို့မြင်ရင် ရေပြတ်လပ်မှုကို ကာကွယ်ဖို့ ရေစီမံခန့်ခွဲမှု နည်းပညာတွေကို သိဖို့လိုပါတယ်" ဟုလည်း ပြောသည်။

ရေအရင်းအမြစ် စီမံခန့်ခွဲမှုအားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် Israeli Ntaional Water ကုမ္ပဏီနှင့် ပူးပေါင်းလျက် မြန်မာပြည်သူများ၊ ပုဂ္ဂလိက၊ အစိုးရတို့နှင့် စီမံကိန်းများ တိုးချဲ့ လုပ်ဆောင်လိုသည်ဟုလည်း သူက ဆိုခဲ့သည်။ 

မြန်မာနိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်စေရန် အထောက်အကူပြုသည့် ရေနဲ့ ရေဆိုးသန့်စင်ရေး၊ စွမ်းအင်သစ်ထုတ်လုပ်သည့် နောက်ဆုံးပေါ်နည်းပညာများကို ပြသသည့် Myanmar Water 2015 ပြပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly