လက်စတာအသင်းပိုင်ရှင် ဗီချိုင်းပိုင် ရဟတ်ယာဉ် ကင်းပါဝါကွင်းအနီး ပျက်ကျ

လက်စတာအသင်းပိုင်ရှင် ဗီချိုင်းပိုင် ရဟတ်ယာဉ် ကင်းပါဝါကွင်းအနီး ပျက်ကျ
(ဓာတ်ပုံ - AFP, EPA)

လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းဘီလျံနာသူဌေး ဗီချိုင်းဆီရိဗတ်ဒန္နာပရာဘာ (Vichai Srivaddhanaprabha) ရဲ့့ ရဟတ်ယာဉ်ဟာ ယမန်နေ့ည (စနေနေ့)က အသင်းရဲ့ ကင်းပါဝါကွင်းအနီးမှာ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါရဟတ်ယာဉ် မတော်တဆဖြစ်မှုဟာ စနေနေ့ညက ကစားခဲ့တဲ့ လက်စတာစီးတီးနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး နာရီပိုင်းအနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းရုပ်ပုံတွေအရ အခင်းဖြစ်ပွားရာနေရာမှာ ရဟတ်ယာဉ်ဟာ မီးလောင်ပျက်စီးခဲ့ပြီး နောက်ပိုင်းမှာ အပျက်အစီး အပိုင်းအစတွေကြားမှာ မီးခိုးတွေ ဖုန်းလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းပါဝါကစားကွင်းရဲ့ အပြင်က ကားပါကင်မှာ ရဟတ်ယာဉ်ပျက်ကျတဲ့နေရာဆီကို လက်ရှိအချိန်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိနေပါတယ်။”လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီဖြစ်ရပ်ကို မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ရဟတ်ယာဉ်မှာ အင်ဂျင်ချွတ်ယွင်းခဲ့ပုံပေါ်ပြီး ထိန်းမရဘဲ မီးလောင်ကာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်စတာအသင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ကင်းပါဝါ (King Power) ကွင်းအနီးမှာ ရဟတ်ယာဉ်ပျက်ကျရာနေရာမှာ ရဲတပ်ဖွဲ့တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကူညီလုပ်ဆောင်နေကြပါတယ်။ ကလပ်အသင်းအနေနဲ့ နောက်ထပ်သတင်းအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ကြေညာပါလိမ့်မယ်။”လို့ ပြောပါတယ်။

ထိုင်းစီးပွားရေးလုပ်ငန်းရှင် ဗီချိုင်းဟာ လက်စတာအသင်းကို ၂၀၁၀ ခုနှစ်က ပေါင် ၃၉ သန်းနဲ့ ဝယ်ယူခဲ့သူဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေကို ရဟတ်ယာဉ်စီးနင်းကာ လာရောက်ကြည့်ရှုလေ့ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရဟတ်ယာဉ်ပျက်ကျချိန်မှာ ဗီချိုင်းအနေနဲ့ ပါဝင်စီးနင်းခဲ့ခြင်း ရှိ၊ မရှိကိုမူ အခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်သူဘယ်ဝါ ပါဝင်သည်ကိုလည်း မသိရသေးပါဘူး။

အသက် ၆၁ နှစ်အရွယ်ရှိ ဗီချိုင်းဟာ ဒေါ်လာ ၄.၉ ဘီလီယံအထိ ကြွယ်ဝချမ်းသာတဲ့သူဖြစ်ပြီး အောက်တိုဘာ ၂၇ ရက် စနေညက ကစားခဲ့တဲ့ လက်စတာ (၁-၁) ဝက်စ်ဟမ်းပွဲကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

       

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly