ရခိုင်၌ NLD အမတ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်ပြီ

ရခိုင်၌ NLD အမတ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်ပြီ

စက်တင်ဘာ ၂၅ ရက် ။         ။ ရခိုင်ပြည်နယ်တွင် NLD အမတ်လောင်းများသည် စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ရခိုင်တစ်ပြည်နယ်လုံး မဲဆွယ်စည်းရုံးရေး လုပ်ငန်းစတင်နေပြီဟုသိရသည်။

၎င်းတို့သည် ဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ အဆင်သင့်မဖြစ်သေးခြင်းနှင့် ခရီးစဉ်များကို အစီအစဉ်ရေးဆွဲနေ ခြင်းတို့ကြောင့် စည်းရုံးရေးလုပ်ငန်းများ ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

စည်းရုံးရေးခရီးစဉ်အတွင်း ၂၀၁၂ ခု ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေး/ဘာသာရေးပြဿနာများနှင့်ဆက်စပ်၍ NLD အပေါ် အထင်လွဲမှားနေမှုများကို ရှင်းလင်းပြခဲ့ရသည်ဟု စစ်တွေ NLD အတွင်းရေးမှူး ဦးစံရွှေကျော်ကပြောသည်။

"အမြင့်ကျွန်းနဲ့ ပါတလိပ်ကျေးရွာတွေ ဖြစ်ပါတယ်။ စည်းရုံးဟောပြောတဲ့အခါ ၂၀၁၂ ခုနှစ် က ဖြစ်သွားတဲ့အခြေအနေကြောင့် NLD အပေါ်မှာ အထင်မှား အမြင်မှားနေကြတယ်။ အဲဒီလို မဟုတ်ဘူး။ ဗမာပါတီ လည်း မဟုတ်ဘူး။ စီအီးစီ ၁၅ ယောက်စလုံးဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ရှင်းပြနေရပါတယ်။" ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၂၆ ရက်၌ မင်းတရားချိတ်ကျေးရွာနှင့် စက်တင်ဘာ ၂၇ တွင် ဝါဘိုကျေးရွာသို့ စစ်တွေမြို့နယ် NLD ပါတီ အနေဖြင့် စည်းရုံးရေးသွားရန် စီစဉ်ထားပြီး အခြားမြို့နယ်များရှိ NLD အမတ်လောင်းများမှာ အသီးသီး စည်းရုံးရေး သွားနေကြပြီဟု ဦးစံရွှေကျော်က ဆိုသည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးအခင်းတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်နယ်တွင် လူထုထောက်ခံမှု လျော့ကျသွားသော်လည်း ယခုလာမည့် ရွေးကောက်ပွဲတွင် မြို့နယ်တိုင်း၌ လွှတ်တော် ၃ ရပ်စလုံး အတွက် ဝင်ပြိုင်သွားမည်ဟု သိရသည်။

NLD ပါတီ၏ မူဝါဒများမှာ ဒီမိုကရေစီထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်စုဖြစ်ထွန်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးများဖြစ်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်သည်လည်း အပြေင်းအလဲတစ်ခုဖြစ်ရန် လိုအပ်နေသဖြင့် NLD ပါတီကို မဲပေးကြရန် ဟောပြောသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို လူထုထောက်ခံမှု အားနည်းနေသော်လည်း တောင်ပိုင်းတွင်မူ ထောက်ခံမှု တစ်စုံတစ်ခုထိရှိနေပြီး၊ လာမည့် အောက်တိုဘာလ တတိယအပတ်၌လည်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သံတွဲခရိုင်သို့ စည်းရုံးရေး ဟောပြောရန် ရောက်ရှိမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly