မလိုချင်တဲ့ အစိုးရကိုဖြုတ်ချဖို့ မဲပေးကြစို့လို့ ကိုကိုကြီးလှုံ့ဆော်

မလိုချင်တဲ့ အစိုးရကိုဖြုတ်ချဖို့ မဲပေးကြစို့လို့ ကိုကိုကြီးလှုံ့ဆော်

ရန်ကုန်၊ စက်တင်ဘာ ၂၅။        ။ ဘယ်အစိုးရတက်တက် ကိုယ်နှင့်မဆိုင်ဟု သဘောမထားဘဲ ကိုယ်မလိုချင်သည့် အစိုးရ၊ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချပစ်ရန် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် သွားရောက်မဲပေးကြရန် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ဦးကိုကိုကြီးက တိုက်တွန်းလှုံ့ဆော်လိုက်သည်။

စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်း ကန်ကြီးထောင့်မြိ့နယ် ဒါးကမြို့သို့ ရောက်ရှိစဉ် မဲဆန္ဒရှင်များသို့ ဦးကိုကိုကြီးက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

"ကျနော်တို့ နိုင်ငံသားတွေရဲ့ ရွေးချယ်ပိုင်ခွင့် အစိုးရ တစ်ဖွဲ့ကို ပြုပြင်ပြောင်းလဲပစ်ဖို့ မလိုချင်တဲ့ အစိုးရကို ဖြုတ်ချဖို့ ကိုယ်ဖြစ်စေချင်တဲ့ အစိုးရကို တင်မြှောက်ဖို့ မလိုချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြုတ်ချပြီးတော့ ကိုယ့်ကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ် တွေကို ရွေးကောက် တင်မြှောက်ဖို့ အဲ့ဒီလောက် တန်ဖိုးရှိတဲ့ အခွင့်အရေးကို ကျနော်တို့ မိမိရရ အသုံးချပြီးတော့ မဲပေးတဲ့နေ့မှာ မဲပေးဖြစ်အောင် ပေးဖို့" ဟု ဦးကိုကိုကြီးက တိုက်တွန်းခဲ့သည်။

မဲပေးခွင့်ရသည် ရတောင့်ရခဲ အခွင့်အရေးတစ်ရပ်ဟု ဦးကိုကိုကြီးက ဆိုလိုက်ပြီး အမှားအယွင်း များပြားနေသည့် မဲစာရင်းများကိုလည်း သွားရောက် စစ်ဆေးကြရန် တိုက်တွန်းခဲ့သေးသည်။ 

"ကိုယ့်အခွင့်အရေးကို ကိုယ်ပြည့်ပြည့်ဝဝ အသုံးချကြဖို့ လာမယ့် ရွေးကောက်ပွဲအတွက် ကိုယ့်နာမည်တွေ မဲစာရင်းမှာ ပါရဲ့လား ဆိုတာကို တက်တက်ကြွကြွနဲ့ မဲစာရင်း သွားရောက် စစ်ဆေးဖို့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင် ရုံးများမှာ ကိုယ့်ရဲ့ အမည်နာမည် သွားရောက် စစ်ဆေးဖို့ မဲပေးတဲ့အခါမှာ မပျက်မကွက် မဲသွားပေးကြဖို့" ဟု ဦးကိုကိုကြီးက တိုက်တွန်းခဲ့သည်။

မဲပေးရာတွင်လည်း ဒီမိုကရေစီအရေးအတွက် အနစ်နာခံခဲ့ကြသည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကိုသာ မဲပေးကြရန် ဦးကိုကိုကြီးက လှုံ့ဆော်ခဲ့သေးသည်။

"မဲစာရင်းမှာ မပါရင်လည်း ချက်ချင်း တိုင်တန်း အကြောင်းကြားဖို့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကိုယ် နှစ်သက်တဲ့ပါတီ ကိုယ့်ကို တကယ် ကိုယ်စားပြုမယ့် ဒီမိုကရေစီအရေးအတွက် တကယ် အနစ်နာ ခံခဲ့တဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ ကိုယ်စားလှယ်များကို သတ္တိရှိရှိနဲ့ မဲပေးကြဖို့ ကျနော်တို့ လာရောက်လှုံ့ဆော်ခြင်း ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသည်။ "မဲပေးခွင့် အခွင့်အရေးကို ဒါးကမြို့က မိဘပြည်သူတွေ မိမိရရ အသုံးချပြီးတော့ ကိုယ်လိုချင်တဲ့ ပါတီ ကိုယ်လိုချင်တဲ့ ကိုယ်စားလှယ် ကိုယ်လိုချင်တဲ့ အစိုးရကို သတ္တိရှိရှိနဲ့ ရွေးချယ်ကြပါ" ဟုလည်း ဦးကိုကိုကြီးက ထပ်ဆင့် တိုက်တွန်းခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly