မက္ကာတွင် မွတ်စလင် ဟာ့ချ်ဘုရားဖူးများ လူအုပ်ပြိုမှုဖြစ်၍ လူပေါင်း ၄၀၀ ကျော် သေဆုံး

မက္ကာတွင် မွတ်စလင် ဟာ့ချ်ဘုရားဖူးများ လူအုပ်ပြိုမှုဖြစ်၍ လူပေါင်း ၄၀၀ ကျော် သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံရှိ မွတ်စလင်များ အထွတ်အမြတ်ထားရာ မက္ကာမြို့အနီးတွင် မွတ်စလင်ဟာ့ချ် ဘုရားဖူးခရီးသည်များ လူအုပ်ပြိုမှုဖြစ်၍ လူပေါင်းအနည်းဆုံး ၄၅၃ ဦးသေဆုံးကြောင်း တာဝန်ရှိသူများ ကပြောသည်။

မက္ကာမြို့အပြင်ဖက် မီနာအရပ်တွင် ဟာ့ချ်ပြုမှု အဓိကဓလေ့ ထုံးစံပြုလုပ်မှု တစ်ရပ်တွင် ဘုရားဖူးဝတ်ပြုလာရောက်သူ လူပေါင်း နှစ်သန်းမျှရှိပြီး လူအုပ်ပြိုမှုဖြစ်ရာ ဒဏ်ရာရသူပေါင်းလည်း ၇၁၉ ဦးရှိခဲ့သည်။

မကောင်းဆိုးဝါးနတ်ဆိုးကိုယ်စားပြု ကျောက်တိုင်လုံးများကို ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း ဘာသာရေးဓလေ့ လုပ်ဆောင်ရန်အတွက် မီနာသို့ မွတ်စလင်ဘုရားဖူးများ လာရောက်စုံဆုံကြခြင်းဖြစ်သည်။

ယခုလအတွင်းကလည်း မက္ကာရှိ Grand Mosque ဗလီတွင် ကရိန်းပြိုမှုဖြစ်၍ လူပေါင်း ၁၀၉ ဦးသေဆုံးခဲ့၍ ဟာ့ချ်ပွဲအတွက် ပြင်ဆင်စိုင်းပြင်းမှုများက ကသီလင်တဖြစ်ခဲ့ကြရသည်။

ဆော်ဒီအရပ်ဖက်ကာကွယ်ရေး ညွန်ကြားရေးမှူးရုံးက တွစ်တာပေါ်တွင် ယခုလူအုပ်ပြိုမှုဖြစ်ပွားရာသို့ အမှုထမ်းပေါင်း ၄၀၀၀ ကို စေလွှတ်ထားကြောင်း၊ အရေးပေါ်နှင့် ကယ်ဆယ်ရေးယူနစ် ၂၂၀ ကျော် ထက်မနည်းလည်း အတူလိုက်ပါသွားကြောင်း ရေးသားထားသည်။ ဒဏ်ရာရသူများအား နယ်မြေအတွင်းရှိ ဆေးရုံလေးရုံသို့ ပို့ဆောင်ထားရသည်။

မည်သည့်အတွက်ကြောင့် လူအုပ်ပြိုမှုဖြစ်ပွားရခြင်းကို အရပ်ဖက်ကာကွယ်ရေးရုံးက ထုတ်ပြန်ခြင်းမရှိပေ။

သို့သော် အယ်လ်ဂျာဇီးယား သတင်းဌာနက လူအုပ်ပြိုမှုက ၂၀၃ လမ်းရှိ ယာယီရွက်ဖျင်တဲများရှိရာ တွင်ဖြစ်ပွားခြင်းဖြစ်ပြီး လူများ ဘာသာရေးထုံးစံအရ ကျောက်ခဲများ ပစ်ရာ ဂျာမာရတ်ကျောက်တိုင်များ တွင်ဖြစ်ပွားခြင်း မဟုတ်ကြောင်း၊ လူအုပ်ပြိုမှုဖြစ်ရာမှာ တံတားတစ်စင်းပုံစံ တည်ဆောက်ထားသည့် အထပ်ငါးထပ်ရှိ အဆောက်အအုံပတ်ဝိုင်းထားရာ နေရာတွင်ဖြစ်ကြောင်း သတင်းထုတ်လွှင့်ထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly