ပျောက်သွားတဲ့ကလေး ပြန်တွေ့အောင် ဘာလုပ်သင့်ကြသလဲ

ပျောက်သွားတဲ့ကလေး ပြန်တွေ့အောင် ဘာလုပ်သင့်ကြသလဲ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာနေတဲ့ ဦးဝင်းမြင့် ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာရေးသူဟာ ဌာနတစ်ခုမှ ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး ယခုအခါမှာ စိုက်ပျိုးရေး လုပ်ကိုင် နေသူ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ စာဖတ်ဝါသနာပါတဲ့သူ တစ်ဦးဖြစ်ပြီး နေ့စဉ်သတင်းစာနဲ့ ဂျာနယ်တွေဖတ်တဲ့အခါ မကြာခဏ ဖတ်ရလေ့ရှိတဲ့ လူပျောက်ကြော်ငြာတွေကို သတိထား ဖတ်လိုက် ရင် အများဆုံးက ကလေးတွေ၊ လူငယ်တွေ ဖြစ်နေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒီလို မကြာခဏ ပျောက်နေတဲ့ ကလေးအရွယ်တွေ ပြန်တွေ့ဖို့အတွက် ဘာတွေ လုပ်သင့်တယ် ဆိုတာကို စာတွေဖတ်ရင်း တွေးမိတာကြောင့် အများပြည် သူတွေ သတိထား ကူညီနိုင်ဖို့ ရေးလိုက် တဲ့စာဖြစ်တဲ့အတွက် ဖော်ပြပေးစေချင်ပါတယ်လို့ ရေးပါတယ်။

ကလေးပျောက် ကြော်ငြာတွေကို တွေ့တိုင်း သတင်းတွေကို ဖတ်ရတိုင်းမှာ သူ့ရင်ထဲမှာ ကိုယ့်သွေးသား အရင်းတွေ ပျောက်သွားသလို ခံစားရပါတယ်။ ဒီလို ဘာကြောင့် ပျောက်ရတာလဲလို့လေ့လာကြည့် တဲ့အခါမှာ မိဘတွေရဲ့ သတိမရှိတာကြောင့်က နည်းပြီး၊ အများဆုံးကတော့ ကြိုတင်ကြံ ရွယ်လို့ ကလေးတွေကို ခိုးယူတာက များတယ်လို့ ပြောပါတယ်။

ငွေရလွယ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်လာကြတာကို သတင်းတွေဖတ်ရင် သိသာတယ်လို့ ရေးပါတယ်။ ပြီးခဲ့တဲ့လထဲက သတင်းစာထဲမှာ ပါလာတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကြီး အနီးမှာ ရှိတဲ့ ဒလမြို့နယ်က ကလေးတချို့ကို ခိုးယူပြီး မလေးရှားမှာ ရောင်းစားတော့ ဝယ်ထား တဲ့သူက တောင်းစားခိုင်းနေတဲ့ သတင်းမှာ ခိုးသွားတဲ့သူနှစ်ယောက်ကို မိတာကို ဓာတ်ပုံနဲ့တကွ ဖော်ပြပေးတာတွေ့ လိုက်ရပါတယ်။ ဒီလိုတရားခံမျိုးတွေကို သေဒဏ်ပေးဖို့ ဥပဒေ ပြဋ္ဌာန်းပေးစေ ချင်ပါတယ်လို့ ဆိုပါတယ်။

ကလေးတွေပျောက်ရတဲ့ နောက်တစ်မျိုးကတော့ အခုချိန်မှာ နည်းပညာတွေ ဖွံ့ဖြိုးလာလို့ ဆယ်နှစ်မပြည့်သေးတဲ့ ကလေးအရွယ်တွေပါ Facebook သုံးတတ်လာကြတာလည်း ပါပါတယ်။ မသမာသူတွေ က စနစ်တကျ ကြိုတင် အကွက်ချလို့ ကလေးတွေနဲ့ ချိတ်ဆက်မိအောင် လုပ်ရင်း ဖြား ယောင်း သွေးဆောင် တတ်ကြပါတယ်။ ငယ်ရွယ်လို့ အတွေ့အကြုံ မရင့်ကျက်သေးတဲ့ သူတွေကို အွန်လိုင်းကနေ လိမ်ပြီး ခြိမ်းခြောက် ငွေတောင်းတာတွေ ပြုလုပ်တဲ့ လုပ်ရပ်အပြင် ဘယ်လိုမှ ခွင့်လွှတ်ပေးလို့ မရနိုင်တဲ့ ဖြားယောင်း သွေးဆောင် ခေါ်ယူပြီး မကောင်းတာ လုပ်စားခိုင်းတာအပြင် အိမ်နီးချင်းနိုင်ငံတွေ မှာငွေယူပြီး ရောင်းချကြတာတွေကို လူစိတ်မရှိတဲ့သူတွေက ကျူးလွန်နေကြ တယ်လို့ ပြောပါတယ်။

ဒီလို လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် မြန်မာနိုင်ငံမှာ လူမှုရေး အဖွဲ့အစည်းတွေ ဖွဲ့ထား တယ်လို့ ဆိုပေမယ့် နည်းနေပါတယ်။ ကလေးဖြစ်ရပ် စီမံခန့်ခွဲမှု ယူနစ်ကို လက်ရှိ မြို့ပေါင်း ၂၀ နီးပါးမှာ ဖွင့်လှစ်ပြီး ကလေးသူငယ် အကြမ်းဖက်မှု ကာကွယ်ပေးနေတာတွေကို လုပ်နေကြတာကိုလည်း တာဝန်ရှိသူတွေ အနေနဲ့ ယခုထက်ပိုပြီး တိုးချဲ့ လုပ်ကိုင်စေလိုပါတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ရင်တော့ သူဖတ်လိုက်ရတဲ့ တရုတ်နိုင်ငံရဲ့ ကလေးခိုးယူမှုနဲ့ ပတ်သက်ပြီး စီမံ ဆောင်ရွက်သလိုမျိုး ပြုလုပ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ ကလေးခိုးယူမှုများကို သတင်းပေးနိုင်ဖို့ တရုတ်နိုင်ငံမှာ ဝက်ဘ်ဆိုက်တစ်ခု တင်ထားပါတယ်။ ကလေးမိဘတွေ ကလေးရှာဖွေရာမှာ အထောက်အကူ ပြုစေဖို့ အတွက် ပြည်သူ့ရေးရာ ဝန်ကြီးဌာနက တာဝန်ယူပြီး စာမျက်နှာ ၁ ဒသမ ၆ သန်း လက်ခံနိုင်တယ်လို့ ဖတ်လိုက်ရပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒီလို ဝက်ဘ်ဆိုက်မျိုး လုပ်ပေးသင့်တဲ့အပြင် မိဘအုပ်ထိန်းသူတွေ အနေနဲ့ ကလေးနဲ့ ဆယ်ကျော်သက်အရွယ်တွေ အွန်လိုင်းသုံးတာကို သတိထားပြီး အမြဲလေ့လာစောင့်ကြည့်နေ သင့်တယ်လို့ ပြောပါတယ်။ ကလေးတွေကို မပျောက်ခင်ကတည်းက မိဘအုပ် ထိန်းသူရော၊ အစိုးရ တာဝန်ရှိသူအနေနဲ့ ဂရုတစိုက် ဆောင်ရွက်ကြမှသာ ကလေးပျောက်မှု လူငယ် ပျောက်မှုတွေကို ဟန့်တား ကာကွယ်နိုင်ကြမှာဖြစ်ပြီး ယနေ့အချိန်အခါမှာ ကမ္ဘာတစ်ဝှမ်း ကလေးတွေ ကို အကြမ်းဖက်လို့ စီးပွားရှာနေကြတာကို ကြားသိနေရလို့ စိတ်မကောင်းဖြစ်ရတဲ့အတွက် ကြိုတင် ကာကွယ်နိုင်ဖို့ မဇ္ဈိမ စာဖတ်သူကဏ္ဍမှ တဆင့် သတိပေးချင်လို့ ရေးလိုက်ရပါတယ်ဆိုတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags