အဓမ္မမှုစွပ်စွဲချက်တွေကြားက သူဟာ ‘နမူနာ’ ထားစရာ လူတစ်ဦးဖြစ်တယ်လို့ တုံ့ပြန်လိုက်တဲ့ ရော်နယ်လ်ဒို

အဓမ္မမှုစွပ်စွဲချက်တွေကြားက သူဟာ ‘နမူနာ’ ထားစရာ လူတစ်ဦးဖြစ်တယ်လို့ တုံ့ပြန်လိုက်တဲ့ ရော်နယ်လ်ဒို
(ဓာတ်ပုံ - AFP, EPA)

ပြုံးရွှင်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အဓမ္မမှုနဲ့ စွပ်စွဲချက်တွေကြားက သူဟာ သူ့ရဲ့ ကွင်းတွင်းကွင်းပြင် အပြုအမှုနေထိုင်ပုံတွေအတွက် “နမူနာ” ထားစရာ လူတစ်ယောက်ဖြစ်တယ်လို့ တနင်္လနေ့က တုံ့ပြန်ပြောဆိုသွားပါတယ်။

“ကျနော်ဟာ ကွင်းတွင်းကွင်းပြင်မှာ ၁၀၀ ရာနှုန်းပြည့် ပုံနမူနာထားစရာလူ တစ်ယောက်ဖြစ်တယ်ဆိုတာ သိနားလည်ထားပါတယ်။”လို့ ရော်နယ်လ်ဒိုက ကစားသမားဘဝ ၆ နှစ်ကြာ ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် အမေရိကန် မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့ ကက်သရင်း မာယော်ဂါက ၂၀၀၉ ခုနှစ်နှစ်၊ ဇွန်လ ၁၃ ရက်က ရော်နယ်လ်ဒိုမှ သူ့ကို မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်က ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ မန်ယူအသင်းကနေ ရီးယဲလ်အသင်းဆီ မပြောင်းရွှေ့ခင်ချိန်က ဖြစ်ပွားခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကြေညာချက်တစ်ခုမှာ ငြင်းဆိုထားပြီး ကလပ်သစ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ထောက်ခံမှုပေးခဲ့ပါတယ်။

“ကျနော်ဟာ အမြဲပြုံးရွင်နေတတ်ပြီး ပျော်ပျော်နေတတ်သူပါ။ ကျနော်ဟာ အရမ်းကို ထူးခြားကောင်းမွန်တဲ့ အသင်းတစ်သင်းမှာ ကစားတယ်။ ကျနော့်မှာ ထူးခြားကောင်းမွန်တဲ့ မိသားစုရှိတယ်။ ကျနော့်မှာ ကလေး ၄ ယောက်ရှိပြီး ကျနော်က ကျန်းကျန်းမာမာရှိတယ်။ ဒါတွေက ကျနော့်ရဲ့ ကောင်းချီးမင်္ဂလာတွေပေါ့”လို့ ရော်နယ်လ်ဒိုက ဆိုပါတယ်။

“ကျနော်မှာ အရာအားလုံးရှိပါတယ်။ ဒါ့ကြောင့်လည်း ကျန်တဲ့ကိစ္စတွေဟာ ကျနော့်အပေါ် ဘာသက်ရောက်မှုမှ မဖြစ်စေနိုင်ပါဘူး။”လို့လည်း ဆိုပါတယ်။

ရော်နယ်လ်ဒိုဟာ ဇူလိုင်လက ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းဆီ ယူရို ၁၁၂ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် သူဟာ အီတလီက သူ့ရဲ့ပတ်ဝန်းကျင်သစ်မှာ ပျော်ရွှင်နေကြောင်းကို မုဒိမ်းမှုစွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ စိတ်အားထက်စွာ အလေးပေး ပြောဆိုပုံရပါတယ်။

ကွင်းပြင်ပမှာတော့ ဒီစွပ်စွဲချက်တွေဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ရှယ်ယာတန်ဖိုး သိသိသာသာ ထိုးကျသွားတာကို တွေ့ခဲ့ရပြီး ရော်နယ်လ်ဒိုရဲ့ ကိုယ်ပိုင်စပွန်ဆာတွေဖြစ်တဲ့ Nike နဲ့ EA Sports တို့ကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ကွင်းတွင်းမှာတော့ ရော်နယ်လ်ဒိုဟာ စီရီးအေ နောက်ဆုံး ၆ ပွဲမှာ ၅ ဂိုးထိ သွင်းယူခဲ့တာကြောင့် ပေါ်တူဂီကစားသမားရဲ့ ခြေစွမ်းပုံစံကို ထိခိုက်မှု မရှိခဲ့ပါဘူး။

“ကျနော်ဟာ အမြဲပြုံးရွှင်နေနပါတယ်။ ကျနော်ဟာ ပျော်ပျော်နေတတ်သူပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ပြီးခဲ့တဲ့ ၂ ပတ်လောက်တုန်းက လုပ်ခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ကျေနပ်ပါတယ်။ ဟုတ်ပါတယ်၊ ကျနော်ဟာ ဒီအခြေအနေပေါ်မှာ လိမ်ညာပြောဆိုသွားမှာတော့ မဟုတ်ပါဘူး။ ကျနော့်ရဲ့ ရှေ့နေတွေနဲ့ ကျနော်ကိုယ်တိုင်ဟာလည်း ယုံကြည်မှုအပြည့်ရှိပါတယ်။

“အရေးကြီးဆုံးကတော့ ကျနော်ဟာ ဘောလုံးကစားနေရတဲ့ ကျနော့်ဘဝကို ပျော်ရွှင်နှစ်သက်ပါတယ်။

“နောက်ဆုံး ကျနော်ရဲ့ ဘဝကို ဂရုစိုက်နေကြတဲ့ သူတွေ ရှိပါတယ်။ ဒါပေါ့အမှန်တရားဆိုတာ အမြဲတမ်း နံပါတ် ၁ နေရာကနေ ထွက်ပေါ်လာစမြဲပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်အခြေအနေကောင်းပါတယ်။”လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဂျူဗီအသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ  ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းမှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် သူ့ရဲ့အသင်းဟောင်း မန်ချက်တာယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

© AFP

       

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly