စီရော်နယ်လ်ဒိုရဲ့ စိန်စီထားတဲ့ ပေါင် ၁.၂ သန်းတန် လက်ပတ်နာရီ

စီရော်နယ်လ်ဒိုရဲ့ စိန်စီထားတဲ့ ပေါင် ၁.၂ သန်းတန် လက်ပတ်နာရီ
(ဓာတ်ပုံ - AFP)

မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းဆီ နွေရာသီက ရီးယဲလ်အသင်းကနေ ပေါင် ၉၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၃ နှစ်ရှိ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ နောက်ဆုံးပေါ် လက်ပတ်နာရီနဲ့ ပရိသတ်နဲ့ မီဒီယာတွေကို ဖမ်းစားခဲ့ပြန်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း မန်ယူအသင်းဆီ တစ်ကျော့ပြန်ခရီးအတွက် တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ ပေါင် ၁.၂ သန်းအထိ တန်ကြေးရှိတဲ့ လက်ပတ်နာရီကို ဝတ်ဆင်ခဲ့တာပါ။

မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်လ်ဒိုဟာ Franck Muller 7008 T INV C INV ဆိုတဲ့ အထူးသီးသန့် လက်ပတ်နာရီကို ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ လက်ပတ်နာရီဟာ အဖြူနဲ့ အနီရောင်စိန် ၄၂၄ လုံးနဲ့ စီထားတာဖြစ်ပါတယ်။

အဆိုပါလက်ပတ်နာရီ Franck Muller နာရီတွေကို Frost of London ကုမ္ပဏီက ယူကေအတွက်သာ တင်သွင်းတယ်လို့ဆိုပါတယ်။

Frost of London ကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်သူ ဂျိုးဆပ်ဖရော့စ်ကတော့ စီရော်နယ်လ်ဒိုဟာ ဒီအမှတ်တံဆိပ်နာရီရဲ့ Big fan တစ်ယောက်ဖြစ်ပြီး သူဟာ ဒီနာရီတွေကို ပုံမှန် ဝတ်ထားလေ့ရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။

Franck Muller ဆိုတာဟာ ဆွစ်ဇာလန်နာရီကို ပြုလုပ်သူတစ်ဦးဖြစ်ပြီး ကုမ္ပဏီရဲ့ နာမည်လည်းဖြစ်ပါတယ်။ ဒီဆွစ်ဇာလန်နာရီကုမ္ပဏီကို ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ထုတ်လုပ်ခဲ့တဲ့ နာရီတွေဟာ တန်ဖိုးကြီးမြင့်သလို ဒီဇိုင်းပိုင်းအရလည်း အရမ်းကိုထူးခြားတာဖြစ်လို့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဝတ်ဆင်လေ့ရှိပါတယ်။

အသက် ၃၄ နှစ်အရွယ် အမေရိကန် မော်ဒယ်ဟောင်းတစ်ဦးဖြစ်တဲ့ ကက်သရင်း မာယော်ဂါက ၂၀၀၉ ခုနှစ်နှစ်၊ ဇွန်လ ၁၃ ရက်က ရော်နယ်လ်ဒိုမှ သူ့ကို မုဒိမ်းမှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်က ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ မန်ယူအသင်းကနေ ရီးယဲလ်အသင်းဆီ မပြောင်းရွှေ့ခင်ချိန်က ဖြစ်ပွားခဲ့တာပါ။

ရော်နယ်လ်ဒိုဟာ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကြေညာချက်တစ်ခုမှာ ငြင်းဆိုထားပြီး ကလပ်သစ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းကလည်း သူ့ကို ထောက်ခံမှုပေးခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာတော့ စီရော်နယ်လ်ဒိုက “ကျနော်ဟာ ကွင်းတွင်းကွင်းပြင်မှာ ၁၀၀ ရာနှုန်းပြည့် ပုံနမူနာထားစရာလူ တစ်ယောက်ဖြစ်တယ်ဆိုတာ သိနားလည်ထားပါတယ်။

“ကျနော်ဟာ အမြဲပြုံးရွင်နေတတ်ပြီး ပျော်ပျော်နေတတ်သူပါ။ ကျနော်ဟာ အရမ်းကို ထူးခြားကောင်းမွန်တဲ့ အသင်းတစ်သင်းမှာ ကစားတယ်။ ကျနော့်မှာ ထူးခြားကောင်းမွန်တဲ့ မိသားစုရှိတယ်။ ကျနော့်မှာ ကလေး ၄ ယောက်ရှိပြီး ကျနော်က ကျန်းကျန်းမာမာရှိတယ်။ ဒါတွေက ကျနော့်ရဲ့ ကောင်းချီးမင်္ဂလာတွေပေါ့

“ကျနော်မှာ အရာအားလုံးရှိပါတယ်။ ဒါ့ကြောင့်လည်း ကျန်တဲ့ကိစ္စတွေဟာ ကျနော့်အပေါ် ဘာသက်ရောက်မှုမှ မဖြစ်စေနိုင်ပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

Ref; The Sun, AFP

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly