အင်္ဂါနေ့က ရောမမြို့ရှိ မက်ထရိုဘူတာမှာ စက်လှေကား ပြိုကျမှုကြောင့် လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက တချို့မှာ စိုးရိမ်ရကြောင်း အီတလီတာဝန်ရှိသူများက ပြောပါတယ်။
ဒဏ်ရာရရှိသူအများစုမှာ ရိုမားအသင်းနှင့် ချန်ပီယံလိဂ်ကစားဖို့ လာရောက်ခဲ့တဲ့ ဧည့်သည် CSKA မော်စကိုအသင်းရဲ့ ပရိသတ်တွေဖြစ်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုင်ဖိုင်အရ လူအုပ်စုတစ်စုက စက်ဓာတ်လှေကားရဲ့ ထိပ်ပိုင်းမှာ ခုန်ပေါက်ကခုန်ခဲ့အပြီး စက်လှေကားရဲ့ အောက်ခြေဟာ ပျက်ဆီးခဲ့တာကြာင့် ထိန်းချုပ်မှုမဲ့စေပြီး ဓာတ်လှေကား ပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီ အရေးပေါ်ကယ်ဆယ်များ ရောက်ရှိခဲ့ပြီး ဘူတာရုံကို ပိတ်ထားခဲ့တယ်လို့ အီတလီသတင်းဌာန Ansa က ဖော်ပြခဲ့ပါတယ်။
Ansa သတင်းက လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက အများစုဟာ ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“CSKA မော်စကို ပရိသတ်အုပ်စုတစ်စုဟာ ဘူတာရုံဆီ ဆင်းသွားခဲ့ပါတယ်။ အဲဒီခဏမှာပဲ စက်လှေကား ပြိုကျခဲ့တာပါ။”လို့ ရဲတပ်ဖွဲ့မှာ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ရုရှားသတင်းအေဂျင်စီ RIA ကို ပြောခဲ့ပြီး “ဒဏ်ရာရရှိခဲ့သူ အများစုမှာ CSKA ပရိသတ်တွေဖြစ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။
နောက်ပိုင်းမှာ အီတလီက ရုရှားသံရုံးကတော့ ဘောလုံးပရိသတ် ၃၀ အထိ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
မျက်မြင်သက်သေဖြစ်တဲ့ ရဲအဖွဲ့က စက်လှေကား မပြိုကျခင် ရုရှားပရိသတ်တွေဟာ သီဆို ကခုန်ခဲ့ကြတယ်လို့ ပြောဆိုထားပါတယ်။
ဒီမတော်တဆမှုဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ရိုမားအသင်းနဲ့ CSKA မော်စကိုအသင်းတို့ရဲ့ ပွဲစဉ်မတိုင်ခင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Ref; BBC, EFE-EPA