ညာဘက် လက်မောင်းကျိုးဒဏ်ရာကြောင့် အယ်လ်ကလက်စီကိုပွဲစဉ်ကို မက်ဆီ လွဲချော်မည်

ညာဘက် လက်မောင်းကျိုးဒဏ်ရာကြောင့် အယ်လ်ကလက်စီကိုပွဲစဉ်ကို မက်ဆီ လွဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

မက်ဆီဟာ ဆီဗီလာနဲ့ ပွဲစဉ်မှာ ညာဘက် လက်မောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့တာကြောင့် ၃ ပတ်ခန့် အနားယူရမှာဖြစ်ပြီး ဘာစီလိုနာအသင်းခေါင်းဆောင်အနေနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အင်တာမီလန်နဲ့ပွဲ၊ တနင်္ဂနွေနေ့မှာ ရီးယဲလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်တို့ကိုပါ လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

စနေနေ့ညက ဘာစီလိုနာအသင်းက ဆီဗီလာကို ၄-၂ နဲ့ နိုင်တဲ့ လာလီဂါပွဲစဉ်မှာ ပွဲချိန်အစောပိုင်း ၁၂ မိနစ်မှာ ဂိုးသွင်းယူခဲ့တဲ့ မက်ဆီဟာ ပွဲချိန် ၁၇ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာပါ။

မက်ဆီဟာ ဆီဗီလာ ကစားသမားတွေနဲ့ ဘောလုံး ယှဉ်လုရင်း ပြိုင်ဘက်ကစားသမား ဗက်ဇ်ကေးက ဟန့်တားလိုက်ရာ သူဟာ ညာဘက်လက်ထောက်ပြီး အရှိန်နဲ့ လဲကျခဲ့ပါတယ်။ ကွင်းပြင်သို့ လဲကျရာမှာ သူ့ရဲ့ ကိုယ်အလေးချိန် ဖိအားကြောင့် လက်လိမ်သွားခဲ့ပြီး လက်မောင်းရိုးကျိုးသွားတာဖြစ်ပါတယ်။

မက်ဆီကို ချက်ခြင်း လူစားလဲမှု မပြုလုပ်သေးပဲ ဆေးအဖွဲ့ရဲ့ ကုသမှုကို ကွင်းအပြင် ခံယူနေခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာအခြေအနေမကောင်းတဲ့ မက်ဆီ နေရာအတွက် မိနစ် ၂၀ မှာ ဒမ်ဘီလီနဲ့ လူစားလဲလိုက်ရပါတယ်။ ဒီဒဏ်ရာကြောင့် မက်ဆီဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ စုစုပေါင်း ၅ ပွဲခန့် လွဲချော်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ၁၇ မိနစ်သာ ကစားခွင့်ရခဲ့ပေမယ့် အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ကော်တင်ဟိုအတွက် တစ်ဂိုးဖန်းတီပေးခဲ့တဲ့အပြင် သူကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့တာကြောင့် ဘာစီလိုနာ ကစားသမားဘဝ စုစုပေါင်း သွင်းဂိုး ၆၀၀ ပြည့်မြောက်တဲ့ ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မက်ဆီဟာ လာမယ့်အပတ် မဟာပြိုင်ဘက် ရီးယဲလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကို လွဲချော်မှာဖြစ်တာကြောင့် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နောက်ပိုင်း သူပါဝင်မကစားနိုင်တဲ့ ပထမဆုံး အယ်လ်ကလက်စီကိုပွဲဖြစ်လာမှာဖြစ်ပါတယ်။

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly