သီလဝါ စက်မှုဇုန်က သဘာဝတ်ပတ်ဝန်းကျင် မထိခိုက်မှုနှင့် စက်မှုဖွံ့ဖြိုးမှုကို သက်သေပြမည်ဟု ဒုသမ္မတ ဦးဉာဏ်ထွန်းဆို

သီလဝါ စက်မှုဇုန်က သဘာဝတ်ပတ်ဝန်းကျင် မထိခိုက်မှုနှင့် စက်မှုဖွံ့ဖြိုးမှုကို သက်သေပြမည်ဟု ဒုသမ္မတ ဦးဉာဏ်ထွန်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၄။ ။ ရန်ကုန်မြို့နှင့် ကီလိုမီတာ ၂၀ အကွာအဝေးတွင်ရှိသည့် သီလဝါ အထူး စီးပွားရေးဇုန် ပထမအဆင့် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က အဆိုပါ စီးပွားရေးဇုန်တွင် ကျင်းပရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ပြီး စီးပွားရေးဇုန်သည် သဘာဝတ်ပတ်ဝန်းကျင် မထိခိုက်မှုနှင့် စက်မှုဖွံ့ဖြိုးမှုကို သက်သေပြနိုင်မည့် စီးပွားရေးဇုန် ဖြစ်လိမ့်မည်ဟု ပြောဆိုခဲ့သည်။

"သီလဝါ အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံ သူများကလည်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ အဖြစ် နမူနာ ကောင်းကို ပြသနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ချက်ကို ပြုလုပ်ခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်အား နိုင်ငံတကာ အကြံပေးအဖွဲ့ဖြင့် ရေးဆွဲ ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ စက်မှုကဏ္ဍကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေနိုင်သည် ဆိုသည်ကိုလည်း သီလဝါ အထူးစီးပွားရေးဇုန်က သက်သေပြနိုင် လိမ့်မည်" ဟု ဦးဉာဏ်ထွန်းက ဆိုသည်။ ြ

ပုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အနှစ်သာရကို ပြည်သူအများ ခံစားစေလိုသည်ဟုလည်း ဦးဉာဏ်ထွန်းက ဆိုသည်။ "ပြုပြင် ပြောင်းလဲမှု၏ အသီးအပွင့်များကို မြန်မာ ပြည်သူ ပြည်သားများ လက်တွေ့ ခံစားနိုင်ရန် အရေးကြီး ပါကြောင်း၊ ရန်ကုန်မြို့ပြ၏ အနီးတွင်တည်ရှိသည့် သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံအတွက် စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်စေခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်စွမ်းကို ဖြစ်စေမည့် အထူးအရေးပါသည့် စီမံကိန်းဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း" ဟု ဦးဉာဏ်ထွန်းက ဆိုသည်။

စီးပွားရေးဇုန် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဂျပန် နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာ ယိုစုကီတာကာကီ၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြန်မာ-ဂျပန် သီလဝါ ဖွံ့ ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မစ္စတာ တာတဲရှိဟိဂုချိတို့ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly